နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့၌ မန္တလေးမှ ဗန်းမော်သို့ သွားရောက်ရန် ရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲပိုင် ရေယာဉ်နှစ်စင်းအား မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ရှိ CDM လှုပ်ရှားသူများက ရေယာဉ်များ မထွက်ခွာနိုင်စေရေး ရန်လိုသည့်အပြုအမူဖြင့် အကြောင်းမဲ့နှောင့်ယှက် တားဆီးသည့်အပြင် စက်မှုကျွမ်းကျင်အဆင့် ၄ ရှိသူ ဦးဌေးဝင်းမှလည်း ရေယာဉ်စက်သော့များကို ဖြုတ်သိမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အပေါ် တာဝန်ရှိသူများနှင့်နေရာရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြေလျော့မှုများ ပြုလုပ်ခဲ့သော်လည်း လက်မခံဘဲ ရန်လိုသူများမှ တုတ်၊ ဓား၊ ခဲ၊ လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်လာခဲ့သောကြောင့် အနည်းဆုံး အင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ လူစုခွဲခဲ့ရာ လူစုခေတ္တကွဲခဲ့ပြီး နေ့လယ်ပိုင်းတွင် ရန်လိုသူအင်အား အများအပြားသည်၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်၌ ထပ်မံစုရုံး၍ နေရာလုံခြုံရေး ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခဲများ၊ လေးခွများ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါပိတ်ဆို့ခံရသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ကူညီရန် အင်အားဖြည့် သွားရောက်ခဲ့သည့် လှုပ်ရှားလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများ မရောက်ရှိနိုင်ရေးကိုလည်း ကမ်းနားလမ်း တစ်လျှောက် ရန်လိုသူအင်အား ၁ဝဝဝ ဦးခန့်မှ အတားအဆီးမျိုးစုံဖြင့် လမ်းမများပေါ်၌ ပိတ်ဆို့ခြင်း၊ လူနေအိမ်နှင့် လမ်းများအကြားမှခဲများ၊ လေးခွများ၊ ဂျင်ကလိအပါအဝင် မှိန်းများဖြင့်လည်း ပစ်ခတ်ခြင်းတို့ကြောင့် တပ်မတော်သားသုံးဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး၊ စုစုပေါင်း ၁၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်တန်းပါ မော်တော်ယာဉ်ငါးစီး ထိခိုက်ပျက်စီးခဲ့သည်။
သို့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စိတ်ရှည်သည်းခံစွာဖြင့် ပိတ်ဆို့ခံနေရသည့် မိမိတပ်ဖွဲ့ဝင်များထံသို့ အဆင့်ဆင့်ပိတ်ဆို့ တားဆီးမှုများအပေါ် ဥပဒေနှင့်အညီ အဆင့်ဆင့် ရှင်းလင်းခြင်း၊ လူစုခွဲခြင်း ဆောင်ရွက်ခဲ့ရာ ညနေပိုင်းတွင် ရန်လိုဆူပူအကြမ်းဖက်သူများ လူစုကွဲခဲ့ပြီး ရည်မှန်းချက်သို့ ရောက်ရှိခဲ့သည်။ ရန်လိုဆောင်ရွက်ကြသည့် ဦးဆောင်သူ အချို့ကိုလည်း ဖမ်းဆီးရရှိထားပြီး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်လိုအပြုအမူများကြောင့် ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ခဲ့ရာ ရန်လိုအကြမ်းဖက်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မန္တလေးတိုင်း ဒေသကြီး၊ ၇၈x၇၉ လမ်းကြား၊ ၃၄ လမ်းအနီးရှိ မီးရထားသံလမ်းများပေါ်တွင် ဆန္ဒပြသူများက အတားအဆီးများဖြင့် ပိတ်ဆို့ခဲ့သည့် ဖြစ်စဉ်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ပင် ဥပဒေနှင့်အညီ အဆင့်ဆင့် ရှင်းလင်းခဲ့ရကြောင်းနှင့် ယခုဖြစ်စဉ်သည် လူစုလူဝေး အများအပြားဖြင့် ဒုတိယအကြိမ် ဆူပူအုံကြွ အကြမ်းဖက်မှုဖြစ်ကြောင်း သတင်းရရှိသည်။