တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပူတာအို-မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှု အ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပူတာအို-မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ ဒီဇင်ဘာ - ၂

မြန်မာနိုင်ငံမြောက်ဖျားဒေသ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်နယ်မြေဒေသများသည် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲပြီး ရာသီဥတု ဆိုးရွားသည့် နယ်မြေဒေသများဖြစ်ကာ နှစ်စဉ် ရိက္ခာဆန် ပြတ်တောက်မှုများကြုံတွေ့ရလျက်ရှိသည်။ နိုင်ငံတော်နှင့် တပ်မတော်မှ ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အမြဲမပြတ် ထောက်ပံ့နေရသည့် ဒေသတစ်ခုလည်းဖြစ်သည်။ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝ မြင့်မား  တိုးတက်လာစေရေး အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင် လျက်ရှိသည်။ ယခုအခါတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော် အင်ဂျင်နီယာများ ပူးပေါင်း၍ ပူတာအို-မဂွေဇ-ခေါင်လန်ဖူး ကားလမ်း(၆၅/၄)မိုင်ကို ဆိုးရွားသော ရာသီဥတု၊ ခက်ခဲကြမ်းတမ်းပြီး မြင့်မားမတ်စောက်သော ကျောက်တောင်၊ ကျောက်ကမ်းပါးရံ၊ မြစ်ချောင်းများအား ကျော်ဖြတ်ဖောက်လုပ်လျက်ရှိရာ (၅၁/ဝ) မိုင် အထိ အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင် ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။

 ထိုသို့ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်ထားရှိမှု အခြေအနေများနှင့် ခေါင်လန်ဖူးမြို့၏ ဒေသဖွံ့ဖြိုး တိုးတက်မှုအခြေအနေများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့သို့ရောက်ရှိရာ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားရာတွင် ခေါင်လန်ဖူးဒေသကို ယခုရောက်ရှိခြင်းသည် ၃ ကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းမြို့ဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်နှင့် အနီးဆုံးမြို့လည်း ဖြစ်ကြောင်း၊ ခေါင်လန်ဖူးဒေသသည် သွားလာရခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်စည် ဈေးနှုန်းများလည်း သယ်ယူပို့ဆောင်မှုစရိတ် ကြီးမြင့်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်သည်ကို တွေ့ရှိရကြောင်း၊ လွန်ခဲ့သည့် လေး၊ငါး နှစ်ခန့်က ရာသီဥတုဆိုးဝါးပြီး လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့သဖြင့် ဆန်တစ်အိတ်လျင် ငွေကျပ် တစ်သိန်းခန့်အထိ မြင့်တက်သွားပြီး ခေါင်လန်ဖူးဒေသတွင် ဆန်ရှားပါး ပြတ်တောက်မှုကြုံတွေ့ခဲ့ရသည့် အတွက် ဆန်ရိက္ခာများကို ထောက်ပံ့ခဲ့ရကြောင်း၊ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သား အင်ဂျင်နီယာများ ပူးပေါင်း၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ဖောက်လုပ်လျက်ရှိပြီး ယခုဆိုလျင် ရီဒမ်း ကြိုးတံတားအကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရီဒမ်းကြိုးတံတားကိုလည်း အဆင့်မြှင့်တင်မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်တို့ အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်ဆောင်ရွက်မှသာလျင် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း။

ခေါင်လန်ဖူးဒေသသည် ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သည့်အပြင် နိုင်ငံတော် အတွက် အရေးကြီးသည့် နေရာဒေသလည်းဖြစ်ကြောင်း၊ သွားရေးလာရေး ကန့်သတ်ချက် များရှိသဖြင့် တစ်စုံတစ်ရာဖြစ်ပွားပါက အလွယ်တကူ လာရောက်ရန် ခက်ခဲကြောင်း၊ ထို့ ကြောင့် ဆက်သွယ်မှု လျင်မြန်ချောမွေ့စေရန် MEC Tel CDMA တယ်လီဖုန်း ဆက်သွယ် ရေးစနစ် ရရှိ အသုံးပြုနိုင်အောင် တပ်မတော်မှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဆိုလျင် ခေါင်လန်ဖူးမြို့အပြင် ပတ်ဝန်းကျင် ကျေးရွာဒေသများ၌လည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်ဟု သိရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ အင်တာနက်အသုံး ပြုနိုင်သဖြင့် အသိအမြင်များ ပိုမိုကျယ်ပြန့်လာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများ၏ ကျန်း မာရေး အခက်အခဲများဖြစ်ပေါ်လာပါကလည်း လွယ်ကူလျင်မြန်စွာဖြင့် အချိန်မီဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

   

ဒေသတွင်း စားရေးလိုအပ်ချက်များကို ပြင်ပမှ ဝယ်ယူသုံးစွဲရမှုမရှိစေရေးနှင့် ဝမ်း စာဖူလုံရေးတို့ အတွက် ကုန်းမြင့်လယ်ယာ စိုက်ပျိုးရေးစနစ်နှင့် ဒေသနှင့် ကိုက်ညီသည့် ဒေသထုတ်ကုန် သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရာသီဥတုဆိုးရွားပြီး တောတောင်ထူထပ်သည်ဟု အကြောင်းပြနေ၍ မရဘဲ လုပ်ဆောင် နိုင်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ကြရန်လိုကြောင်း၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ တရုတ်နိုင်ငံတို့ရှိ အချို့နေရာဒေသများသည် ခေါင်လန်ဖူးဒေသထက်ပင် တောတောင် ထူထပ်သော်လည်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံများ ကိုယ်တိုင်ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်ကလည်း တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ Covid-19 ရောဂါဖြစ်ပွားမှုအနေဖြင့် နေ့စဉ်မြင့်တက်လျက်ရှိပြီး ခေါင်လန်ဖူးဒေသ၌ ကူးစက်ဖြစ်ပွားမှု မရှိသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုများကြောင့် မိမိတို့နိုင်ငံသာမက တစ်ကမ္ဘာလုံး၌ ရောင်းဝယ်ဖောက်ကားမှုများ တုံ့ဆိုင်းခဲ့ကြောင်း၊ သို့သော်လည်း စားကုန်ပစ္စည်းများသည် ရောင်းဝယ်နေရဆဲပင်ဖြစ် ကြောင်း၊ စားရေးနှင့် ပတ်သက်လာပါက လူတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်း ကင်းလွတ်၍ မရဘဲ စိတ်ဝင်စားကြရသည်ဖြစ်သည့်အတွက် ဒေသတွင်း စားရေးဖူလုံမှုရှိအောင် ဆောင် ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းရှိ မြေသယံဇာတများကို အသုံးချနိုင်ရေးအတွက် အသိ ပညာအတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များ ပေါကြွယ်ဝရန် လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးကြစေလိုကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသည်ဖြစ်သော်လည်း ကျောင်းနေကလေးငယ်များကို ယခင်နှစ် သင်ခန်းစာများအား ပြန်လည်လေ့လာ လေ့ကျင့်စေခြင်းနှင့် ဘဝတိုးတက်ရေးအတွက် အထောက် အကူဖြစ်စေနိုင်သည့် စာပေများကို ဖတ်ရှုလေ့လာကြရန် တိုက်တွန်းကြစေလိုကြောင်း၊  ထို့ပြင် ကျန်းမာရေး ကောင်းမွန်မှသာလျင် ဘဝတိုးတက်ရေးနှင့် ပညာရေးကို ဆောင်ရွက် နိုင်မည်ဖြစ်သောကြောင့် မိမိကိုယ်ကိုယ် ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

 ဒေသတွင်း၌ လာရောက်တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး မိမိတို့၏ မြို့ပြအတွေ့ အကြုံများ၊ စာတွေ့အတွေ့အကြုံ၊ အသိပညာ ဗဟုသုတများဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ပေးစေလိုကြောင်း၊ ယခုအရပ်ဒေသများ၌ ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများကို အထူးလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ကျရာတာဝန်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဒေသ၏ အခက်အခဲများကို မှန်မှန်ကန်ကန်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသတွင် တာဝန် ထမ်းဆောင်နေကြသူများဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထု စည်းစည်း လုံးလုံးညီညီညွတ်ညွတ်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက ခေါင်လန်ဖူးဒေသဆိုင်ရာ အချက်အလက်များ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများနှင့် ဒေသလိုအပ်ချက်များ အားလည်းကောင်း၊ မြို့မိမြို့ဖ ဦးပီတာက ခေါင်လန်းဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လာရောက်၍ ထောက်ပံ့ရေးပစ္စည်းများ လာရောက် ထောက်ပံ့ပေးအပ်သည့်အပြင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် လည်း အစိုးရနှင့် တပ်မတော် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်းနှင့် ဒေသလိုအပ်ချက်များအား တင်ပြသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဆိုင်ရာ တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးရာတွင် ဆွေးနွေးချက်များအရ မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၂ အုပ်စုအနက် အုပ်စု ၉ စုမှာ ခေါင်လန်ဖူးနှင့် တရုတ်နိုင်ငံနယ်စပ် အကြားရှိနေပြီး ခေါင်လန်ဖူးမြို့ထက်ပင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တစ်ဖက်နိုင်ငံအပေါ် မှီခိုနေရ သည်ဟု တွေ့ရှိရကြောင်း၊ ခေါင်လန်ဖူးမြို့အထိ လမ်းဖောက်လုပ်ပြီးစီးပါက ၎င်းကျေးရွာ များနှင့်လည်း လမ်းပန်းဆက်သွယ်မှု ရရှိအောင် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ အားလုံးသည် မိမိတို့မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မြန်မာချစ်စိတ်၊ မြန်မာနိုင်ငံအား အားကိုးစိတ်၊ ဒေသချစ်စိတ်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

 ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဒေသခံတိုင်းရင်းသားများအတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဝမ်စာပေနှင့် ယဉ်ကျေးအဖွဲ့ဥက္ကဌ ဦးဒခွမ်ဖေရမ် တို့က လည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဦးဆောင် ဥက္ကဌများက ခေါင်လန်ဖူးဒေသအတွက် ဆန်အိတ် ၁၀၀၀ အား ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများက လည်းကောင်း အသီးသီး လက် ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ လိုက်ပါလျက် ခေါင်လန်ဖူးမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် ကားလမ်းဖောက်လုပ်ပြီးစီးပါက အသင့်အသုံးပြုနိုင်ရေးအတွက် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသောM-38 စစ်သုံးဂျစ်မော်တော်ယာဉ် နှစ်စင်းအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ခေါင်လန်ဖူးမြို့အား လှည့်လည်ကြည့်ရှုပြီး ခေါင်လန်ဖူး မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းအသွင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ ကုန်းမြင့်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ ရပ်ကွက်များကို တိုးချဲ့နိုင်မည့် အခြေအနေများအား မြေပြင်အခြေအနေနှင့် မြို့နယ်အကွက်ချမြေပုံတို့အား နှိုင်းယှဉ်လေ့လာ၍ ဆွေးနွေးအကြံပြုပြောကြားပြီး တပ်မတော်မှ ယာဉ်ယန္တရားများကိုလည်း ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား သည်။ ယင်းနောက် ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်ထားသည့် သက်သာချောင်ချိရေး အရောင်းဆိုင်အား ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဒေသခံပြည်သူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ခေါင်လန်ဖူးဒေသမှ ဒေသခံပြည်သူများနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း အချို့ကို ရဟတ်ယာဉ်ဖြင့် တင်ဆောင်၍ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများအား လှည့်လည်ကြည့်ရှုစေခဲ့ပြီး မိမိတို့ဒေသအား ရဟတ်ယာဉ်ပေါ်မှ မြင်တွေ့ရသည့် အတွေ့ အကြုံသစ်ကို ရရှိစေခဲ့ရာ ဒေသခံများက ရရှိခဲ့သည့် အတွေ့အကြုံများအား ဝမ်းမြောက် ပျော်ရွှင်စွာဖြင့် ပြန်လည်ပြောပြခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုနှင့် မေခမြစ်ကူး ရီဒမ်းကြိုးတံတား အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းခင်းကျောက်များအား ရေရှည်ခိုင်ခန့်စေရန် အတွက် စနစ်တကျ ခင်းကျင်းရန်၊ မိုးများသည့် ဒေသဖြစ်သဖြင့် လမ်းရေရှည်ခိုင်ခံ့စေရေး အတွက် ရေနုတ်မြောင်းများအား စနစ်တကျ ထည့်သွင်း တည်ဆောက်ရန်နှင့် မေခမြစ်ကူး ရီဒမ်းကြိုးတံတားကို ယာယီအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် အခြားလိုအပ်သည်များအား ညှိနှိုင်းမှာကြား ဆောင်ရွက်ပေးကာ လမ်းဖောက်လုပ်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် လမ်းဖောက်လုပ်နေသည့် လမ်းကြောင်းအနီး ရီဒမ်းကျေးရွာရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ရှိပြီး ပူတာအိုခရိုင် အတွင်းပါဝင်၍ အရှေ့ဘက်နှင့် မြောက်ဘက်တွင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နီးစပ်စွာတည်ရှိကြောင်း၊ ပူတာအိုမှ အရှေ့၊ အနောက် ၁၅ မိုင်၊ တောင်၊ မြောက် ၂၅ မိုင်ကျယ်ဝန်းသော ပူတာအိုလွင်ပြင်ကြီးကို ဖြတ်သန်းပြီးပါက မကျန်ချောင်းနှင့် မလိခ မြစ်ဆုံရာအရပ်ဖြစ်သည့် မချမ်းဘော့၊ ဒေသအခေါ်(မကျန်ဘော့) သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မဂွေဇသို့ ရောက်ရှိမည်ဖြစ်ပြီး ခေါင်လန်ဖူးမြို့သို့ ဆက်လက် ခရီးဆက် သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်တွင် ရေခဲတောင်များ၊ သဘာဝရှုမျှော်ခင်းများဖြင့် သာယာလှပသော ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ စုနှင့် ကျေးရွာပေါင်း ၁၄၄ ရွာတည်ရှိပြီး ရဝမ်နှင့် လီဆူလူမျိုးစု လူဦးရေ ၁၄၀၀၀ ကျော်နေထိုင်လျက်ရှိကြောင်း။

ယခုအခါတွင် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက်  နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကို ဒေသ အတွင်း ရာသီမရွေး အသုံးပြုနိုင်သော လမ်းဖြစ်လာစေရန်၊ ဒေသထုတ်ကုန်များကို ပိုမို အဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ မဂွေဇ-ခေါင်လန်ဖူး (၆၅/၄)မိုင်ကို မဂွေဇ မှ ငါ့လုံးဒမ်းအထိ အပိုင်း(၁)၊ ၎င်းမှ လုံးတုံးဘိုတဲအထိ အပိုင်း(၂)၊ ၎င်းင်းမှ ဆီဆုံအထိ အပိုင်း(၃)၊ ၎င်းမှ ခေါင်လန်ဖူးအထိ အပိုင်း(၄) ဟူ၍ အပိုင်း(၄)ပိုင်းခွဲ၍ ဖောက်လုပ်ခဲ့ ကြောင်းနှင့် ယခုအခါတွင် (၆၅/၄)မိုင် ရှိသည့်အနက် (၅၁/ဝ)မိုင်အထိ ဖောက်လုပ်ပြီးစီး ပြီဖြစ်ကာ ခေါင်လန်ဖူးသို့ရောက်ရှိရန် (၁၄/၄)မိုင်သာ လိုတော့မည် ဖြစ်ကြောင်း၊ ယခင်က လူသွားလမ်းနှင့် လားသွားလမ်းသာရှိပြီး မဂွေဇမှ ခေါင်လန်ဖူးသို့ တစ်ပတ်ခန့် ခရီးသွားခဲ့ရသော်လည်း ယခုလမ်း ဖောက်လုပ်ပြီးစီးထားသည့် အချိန်တွင် ပူတာအိုသို့ နေ့ချင်းအရောက် သွားရောက်နိုင်ပြီဖြစ်ကြောင်း၊ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသည့် ဘက်စုံသုံး ဘက်ဟိုးယန္တရား ယဉ်ငယ်တစ်စီးဖြင့်လည်း ခေါင်လန်ဖူး ဘက်မှနေ၍ မူလ လားသွားလမ်းနှင့် လူသွားလမ်းအား တိုးချဲ့ဖောက်လုပ်လျက်ရှိကြောင်း၊ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု လျင်မြန် ချောမွေ့စေရေးတို့အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ မဂွေဇ-ခေါင်လန်ဖူးကားလမ်းကို ဆက်လက်ဖောက် လုပ်လျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။