တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘက်စုံစံပြ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး၊ ဝိုင်းမော်မြို့ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘက်စုံစံပြ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး၊ ဝိုင်းမော်မြို့ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဒီဇင်ဘာ - ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘက်စုံစံပြ စိုက်ပျိုး မွေးမြူရေး စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းမှူးက ဘက်စုံစံပြ စိုက်ပျိုးမွေးမြူရေးစခန်း၊ ရှင်းလင်းဆောင်၌  ဥစားကြက်နှင့် အသားစားကြက်များ၊DYL ဝက်၊ နို့စားနွား၊ အသားစားနွား၊ ဆိတ်နှင့် ငါးများမွေးမြူထားရှိမှု၊ အစာစပ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ Green House ဖြင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ နှစ်ရှည်သီနှံပင်များ၊ ရတနာတန်းဝင်ပင်နှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ထွက်ရှိလာသည့် အသား၊ ငါး၊ နွားနို့၊ ကြက်ဥ နှင့် ဟင်းသီးဟင်းရွက် များအား တပ်မတော်သား မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို တပ်မတော်အစိုးရ လက်ထက်ကတည်းကပင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖိဖိစီးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ရာတွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား စံနမူနာပြအနေဖြင့် စွန့်ဦးတီထွင်လမ်းပြ ဆောင်ရွက်စေခဲ့ကြောင်း၊ ဥပမာအားဖြင့် အညာဒေသ စိမ်းလန်းစိုပြေရေးအတွက်  ထန်း၊ မန်ကျည်း၊ တမာ စိုက်ပျိုးရေးကို တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ၌ ဦးစွာ ဆောင်ရွက် စေခဲ့ကြောင်း၊ ထိုစဉ်က မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ ခန့်သာရှိပြီး လူဦးရေ သန်း ၁၀၀ အထိစားသုံးနိုင်သည်အထိ စိုက်ပျိုးမွေးမြူနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို  အကျိုးရှိအောင် အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မြေကိုအကျိုးရှိရှိ အသုံးချရန် လိုအပ်ကြောင်း၊ တပ်ပိုင်အဆောက်အဦများ ဧရိယာနှင့် လုံခြုံရေး ဧရိယာ များမှအပ ပိုလျှံသည့် မြေနေရာများတွင် တစ်ပိုင်တစ်နိုင်နှင့် အရိပ်ရ လေကာပင်များကို စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်နှင့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခွဲခြား သိမြင်ရန်လိုပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်အတွက် အကန့်အသတ်ရှိသည့် သီးနှံများကိုသာ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊  လူအများစားနိုင်ပြီး ကြာရှည်ခံသည့် သီးနှံများကို စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၌ "မျိုး၊ မြေ၊ ရေ၊ နည်း"သည်အဓိက ကျသဖြင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေအား စနစ်တကျပြုပြင်ခြင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်ခြင်းတို့ကို စနစ်တကျပြုလုပ်ရန် လိုအပ်ကြောင်း။

မွေးမြူရေးနှင့် ပတ်သက်၍ မွေးနည်းစနစ်၊ အစာ၊ ရေ ကို စနစ်ကျနမှုရှိစေရန် နှင့် အကျိုးရှိသည့် မွေးမြူရေးဖြစ်စေရန် သေချာလေ့လာပြီး မွေးမြူရန် လိုကြောင်း၊ လွှတ်ကျောင်းသည့်စနစ်၊ လှန်ကျောင်းသည့်စနစ်၊ လှောင်မွေးသည့်စနစ်ဟူ၍ ရှိပြီး လှောင်မွေးသည့်စနစ်တွင် လိုအပ်သည့် အစာအာဟာရနှင့် ရေကို ရရှိအောင်ကျွေးမွေး ကြရမည် ဖြစ်ကြောင်း၊ အစာလုံလောက်ပြီး သန့်ရှင်းသပ်ရပ်မှု ရှိမှသာလျင် ထိုက်သင့်သည့် အောင်မြင်မှုကို ရရှိမည်ဖြစ်ကြောင်း၊ သန့်ရှင်းရေး၊ အကောင်ကြီးထွားနှုန်း ဆန်းစစ်ရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို စနစ်တကျဖြင့် Check List  ပြုစု၍ အချိန်ဇယားဖြင့် အပတ်စဉ်၊ လစဉ် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး ကို အဓိကထားမွေးမြူကြပြီး ငါးမွေးမြူရေး သည် အထူးဂရုစိုက် ဆောင်ရွက်ရသော မွေးမြူရေးဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးတွင် ရေ ရရှိမှုသည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊  ထိရောက်ပြီး အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ နွားနို့နှင့်ကြက်ဥများကိုလည်း တပ်မတော်သား မိသားစုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားရေးကို အထောက်အကူ ဖြစ်စေရန်အတွက် အမြတ်ကို အဓိကမထားဘဲ  ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ ပေးရမည်ဖြစ်ကြောင်းနှင့် မိမိတို့မှ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ဒေသခံပြည်သူများက လိုက်ပါဆောင်ရွက်လိုသည့် စိတ်ဖြစ်အောင် စံနမူနာပြ ဖြစ်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် နွားနို့၊ ကြက်ဥများအား ကြည့်ရှုပြီး မြေအသုံးချ Organic Green House ဖြင့်သီးနှံများ စိုက်ပျိုးထားရှိမှု၊ နို့စားနွား၊ အသားစားနွားနှင့် DYL ဝက်များမွေးမြူထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်တော်တွင် တည်ထားကိုးကွယ်ထားသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

 ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား စေတီတော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးမျိုးဆွေနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ် ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော် ရင်ပြင်ရှိ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးခေါင်းလောင်းတော်(ငြိမ်းချမ်းဖြိုး)ကို ခေါင်းလောင်း ထိုးပူဇော်သည်။ ယင်းနောက်စေတီတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်း ရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ဂေါပကအဖွဲ့ထံသို့ ဘက်စုံ အလှူငွေများ ပေးအပ်လှူဒါန်းရာ  ဂေါပကအဖွဲ့ ဥက္ကဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။        

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံ ကြည့် ရှုပြီး စေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး၊ စေတီတော်ကြီး၏ သမိုင်းမှတ်တမ်းများကို စနစ်တကျပြုစုထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။