တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၇
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ သုခိတာရုံကျောင်းတိုက်၊ ဒိုက်ဦးကျောင်းတိုက်၊ ဘဝမ်းကျောင်းတိုက်၊ ပညာတံခွန်ကျောင်းတိုက်၊ ပွင့်ဦးကျောင်း တိုက်နှင့် မှော်ဘီမြို့နယ်၊ သပြေကုန်းကျေးရွာရှိ စိန္တိတာရာမနန္ဒဝန်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့၊ နန္ဒဝန်တပ်ဦးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။