တရုတ်သိပ္ပံပညာရှင်များက လင်းနို့များ၌ ကိုရိုနာဗိုင်းရပ်အုပ်စုအသစ်တစ်ခုကိုတွေ့ရှိ

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံရှိသိပ္ပံပညာရှင်များက ၎င်းတို့အနေဖြင့် လင်းနို့များ၌ ကိုရိုနာဗိုင်းရပ်အုပ်စုအသစ်တစ်ခုကို တွေ့ရှိကြောင်းနှင့် ထိုဗိုင်းရပ် အုပ်စုသည်   လက်ရှိဖြစ်ပွားနေသည့်   ကိုဗစ်-၁၉ ရောဂါပိုးနှင့်ဆင်တူကြောင်းထုတ်ပြန်ထားသည်။

သိပ္ပံပညာရှင်များသည် ၂၀၁၉ ခုနှစ် မေလနှင့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ယူနန်ပြည်နယ်ရှိတောအုပ်အတွင်းနေထိုင်သည့် လင်းနို့များ၏ ဆီး၊ မစင်နှင့် တံတွေးနမူနာများကို ယူဆောင်သုတေသနပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါသုတေသနတွင် လင်းနို့များ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်မျိုးရိုးဗီဇ ၂၄ မျိုးရှိနေသည်ကိုတွေ့ရခြင်းဖြစ်သည်။ ထိုမျိုးရိုး ဗီဇများတွင်  Sars-CoV-2 ဗိုင်းရပ်နှင့်ဆင်တူပြီး   အလားတူရောဂါမျိုးဖြစ်စေနိုင်သော  မျိုးရိုးဗီဇ လေးခုလည်း ပါဝင်သည်။

ထို့ကြောင့် သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်သည် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ဗိုင်းရပ်များက လင်းနို့များတွင် ဆက်လက် တည်ရှိနေပြီး အချို့ဒေသများတွင် ပမာဏအများအပြား ရှိနေသည်ကို ဖော်ညွှန်းပြနေသည်။

လက်ရှိတွင် လူပေါင်း ၁၇၆ သန်းကျော် ရောဂါကူးစက်ခံရပြီး ၃ ဒသမ ၈ သန်းကျော်သေဆုံးထားရသည့် ကိုဗစ်-၁၉ ရောဂါကို ပေါ်ပေါက်စေသောအကြောင်းရင်းနှင့်ပတ်သက်၍ လူအများကအာရုံစိုက်နေစဉ် ယခုကဲ့သို့သတင်းထုတ်ပြန်ချက် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်းသိရသည်။

Ref: Sputnik