တရုတ်၏ J-16D   အီလက်ထရွန်နစ် စစ်ဆင်ရေး တိုက်လေယာဉ် တရုတ်လေကြောင်း ပြပွဲ၌ ထွက်ပေါ်လာမည်

တရုတ်၏ J-16D   အီလက်ထရွန်နစ် စစ်ဆင်ရေး တိုက်လေယာဉ် တရုတ်လေကြောင်း ပြပွဲ၌ ထွက်ပေါ်လာမည်

တရုတ်လေတပ်သုံး J-16 အမျိုးအစား တိုက်လေယာဉ်မျိုးကွဲဖြစ်သည့်   J-16D အီလက်ထရွန်နစ် စစ်ဆင်ရေး တိုက်လေယာဉ်သည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့်  တရုတ်လေကြောင်းပြပွဲ၌ ထွက်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်လေယာဉ်ကို  ထုတ်ဖော်ပြသခြင်းသည် တရုတ်တပ်မတော်က  ထိုကဲ့သို့သော  လေယာဉ်ကို ပိုင်ဆိုင်ထားပြီး အလွန်စွမ်းဆောင်ရည်  မြင့်မားသော လှိုင်းနှုန်းဖြတ် စွမ်းရည်နှင့်အတူ လျှပ်စစ်သံလိုက်လှိုင်း နယ်ပယ်တွင်   ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီကို   ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

တရုတ်လေကြောင်းပြပွဲကို    နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကျူးဟိုင်မြို့၌ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ထိုပွဲတွင် ပါဝင်မည့်  J-16D တိုက်လေယာဉ်မှာ စက်တင်ဘာ ၂၁ ရက်နေ့ကတည်းက အဆိုပါမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြထားသည်။

တရုတ်ပြည်တွင်းဖြစ် J-16D ၏ ထူးခြားသော စွမ်းဆောင်ရည်များအနက် အကောင်းဆုံးသော စွမ်းဆောင်ရည်တစ်ခုမှာ တောင်ပံနှစ်ခုတွင် အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်နှစ်ခု တပ်ဆင်ထားခြင်းဖြစ်ပြီး အဆိုပါစနစ်များက ရန်သူ၏ ရေဒါနှင့် ဆက်သွယ်ရေးစနစ်များအပါအဝင်   လျှပ်စစ်ပစ္စည်းများကို နှောင့်ယှက်ခြင်းနှင့် လှိုင်းနှုန်းဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့သော် ထိုတိုက်လေယာဉ်ကို   တည်ဆောက်ရသည့်    အဓိက ရည်ရွယ်ချက်မှာ ဝေဟင်တိုက်ပွဲ ဆင်နွှဲရေး မဟုတ်သည့်အတွက် လေယာဉ်မောင်းခန်းရှေ့တွင် ပါဝင်သော အနီအောက်ရောင်ခြည် အသုံးပြု  ရှာဖွေထောက်လှမ်းရေး အာရုံခံကိရိယာ မပါဝင်လာတော့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

J-16Dတွင် ပြည်တွင်းဖြစ် အင်ဂျင်များ ကိုသာ တပ်ဆင်ထားပြီး   လေယာဉ်သုံး အီလက်ထရွန်နစ်  နည်းပညာအသစ်ကို အသုံးပြုထားသည်။  ထို့ကြောင့်   တည်ဆောက်မှုပိုင်း ဆိုင်ရာ ပြောင်းလဲမှု များစွာ ပြုလုပ်ထားပြီး ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို အသုံးပြုထားသည်ဟု လေ့လာသူများကပြောသည်။

ဝေဟင်တိုက်ခိုက်ရေးကို  လက်တွေ့ဆင်နွှဲရာတွင် အီလက်ထရွန်နစ် စစ်ဆင်ရေး လေယာဉ်များသည် အခြားသော လေယာဉ်များနှင့်အတူ  ပူးပေါင်းတိုက်ပွဲဝင်ပြီး  ထိုလေယာဉ်များကို    အီလက်ထရွန်နစ် စစ်ဆင်ရေး ထောက်ပံ့မှုပေးခြင်းဖြစ်သည်။

ထို့ပြင်  အဆိုပါလေယာဉ်များသည် ရန်သူ့ရေဒါနေရာများ သို့မဟုတ် ကြိုတင် သတိပေး လေယာဉ်များကို   တိုက်ရိုက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။    

Ref: Global Times