နေပြည်တော် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တောင်သာတောင်ပေါ်ရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ဖောင်တော်ဦး စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ တောင်သာတောင်ပေါ်ကျောင်းနှင့် ဖောင်တော်ဦး စေတီတော်မြတ်ကြီး ပရိဝုဏ်၌ပြုလုပ်ရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်သာမြို့၊ ကျောင်းသစ်ကျောင်း ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဘုရားဒါယကာ၊ ဒါယိကာမများဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ပေါ်မြေပြန့် ဆောက်လုပ်ရေး မိသားစုများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်သာမြို့ ကျောင်းသစ်ကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ကမ္ဘာ့အောင်သိဒ္ဓိရေခါးဆရာတော် ဘဒ္ဒန္တနဒ္ဒဇက ဘဝတုသဗ္ဗမင်္ဂလံသုံးဂါထာဖြင့် သိဒ္ဓိမင်္ဂလာဆင်ယင်ပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်ကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေထီးတော် ဘုံအဆင့်များ၊ ငှက်မြတ်နားတော်တို့ကို စေတီတော်တွင် တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် သွန်းလောင်းပူဇော်ကြသည်။ ဆက်လက်ပြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းကို ဆက်လက်ပြုလုပ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ သင်္ကန်း၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ဖောင်တော်ဦးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူသည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီး တည်ရှိရာ တောင်သာမြို့အား စည်ပင်သာယာပြီး ဘာသာသနာ ထွန်းလင်းဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မင်းကန်ရွာလယ်လမ်းအား အရှည် ၂၇ဝဝ ပေ၊ အကျယ် ၁၂ ပေရှိ အဆင့်မြင့် ကတ္တရာလမ်းအဖြစ် လည်းကောင်း၊ အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦး စေတီတော်မြတ်ကြီး၊ တောင်နီအေးကုန်းတော်နှင့် ဘုန်းတော်ကြီးကျောင်းသို့ ဒေသခံပြည်သူများ အလွယ်တကူ သွားလာဖူးမြော်နိုင်ရန် အတွက် အရှည် ၁၁၉၁၈ ပေကို ၆ လက်မ ထု၊ ၉ ပေအကျယ်ရှိ ကွန်ကရစ်လမ်းဖောက်လုပ်ပေးခြင်း၊ တောင်ခြေနေရာ၌ အားကစား ပစ္စည်း ၄ မျိုး တပ်ဆင်ပေးခြင်း၊ ဘုရားဂန္ဓာကုဋိတိုက်၌ အမိုးအသစ်မိုးပေးခြင်း၊ ပြတင်းပေါက်များ အသစ်လဲလှယ်ပေးခြင်းတို့အား လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ပြုလုပ်သော ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲကို တောင်သာတောင် ဘက်စုံပြုပြင်ရေးလုပ်ငန်းများ အပါအဝင် ငွေကျပ်သိန်း ၄ဝဝဝ ကျော် ကုန်ကျခံလှူဒါန်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။