တောမီးလောင်မှုများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု စံချိန်တင် မြင့်တက်

တောမီးလောင်မှုများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု စံချိန်တင် မြင့်တက်

တောမီးလောင်မှုများသည် ကမ္ဘာကြီးကို ပူနွေးစေသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ထွက်ရှိစေသည့်အတွက် ကမ္ဘာ့ရာသီဥတု အပေါ် ကြီးစွာသော သက်ရောက်မှုရှိကြောင်းနှင့်     ယခုနှစ်တွင်  ထိုသို့ တောမီးလောင်မှုကြောင့်   ဖန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိမှု စံချိန်တင်မြင့်တက်ကြောင်း ဥရောပသမဂ္ဂ၏ ထောက်ပံ့မှု ရယူထားသည့် ကိုပါနီကပ် လေထုစောင့်ကြည့်ရေး လုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။

အထူးသဖြင့်   ကယ်လီဖိုးနီးယား တောမီးက အဆိုးဆုံးဖြစ်ပြီး ယခုနှစ်တွင် ဧကတစ်သန်းနီးပါး လောင်ကျွမ်းသည်။

ဇွန်လမှ သြဂုတ်လအထိ ကယ်လီဖိုးနီးယား တောမီးကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထွက်ရှိမှုသည်   ပြီးခဲ့သည့်နှစ် အလားတူကာလထက် နှစ်ဆပိုများသည်။

မြေထဲပင်လယ်မြစ်ဝှမ်းဒေသ၊ မြောက်အမေရိကနှင့် ဆိုက်ဘေးရီးယားဒေသတို့တွင် ဖြစ်ပွားသော တောမီးလောင်မှုများမှ  ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှုများသည် မြောက်ကမ္ဘာခြမ်း၏   နွေရာသီကာလအတွင်း တောမီးလောင်မှုများကြောင့် ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှု    သမိုင်းတစ်လျှောက်    အမြင့်ဆုံး ပမာဏဖြစ်သည်။

ဇူလိုင်လတွင်ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏသည် တန်ချိန်အားဖြင့် ၁ ဒသမ ၃ ဘီလီယံရှိကာ ၎င်းတို့အနက် ထက်ဝက်ကျော်မှာ မြောက်အမေရိကနှင့် ဆိုက်ဘေးရီးယား ဒေသတို့တွင် လောင်သောတောမီးကြောင့်ဖြစ်သည်။

အလားတူ ဇူလိုင်လထက် သြဂုတ်လသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ရှိမှုပမာဏ   တန်ချိန် ၁ ဒသမ ၄ ဘီလီယံဖြင့်စံချိန်တင်ကာ ထိုပမာဏသည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံမှ နှစ်စဉ်ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏ၏ နှစ်ဆရှိသည်။

ထို့ပြင် ယခုနှစ် တစ်နှစ်လုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့  ထွက်ရှိမှုပမာဏသည် တန်ချိန်ပေါင်း ၃၃ ဘီလီယံ ရှိမည်ဟု ကိုပါနီကပ် အဖွဲ့၏   ထုတ်ပြန်ချက်တွင် ခန့်မှန်း ဖော်ပြထားကြောင်း သိရသည်။