နေပြည်တော်၊ အောက်တိုဘာ - ၉
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ ရေတာရှည်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဖြူးမြို့ပြည်သူ့ဆေးရုံများသို့ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။