တီဟီရန်၊ နိုင်ငံရေး
အီရတ်ပြည်သူ့စစ်ခေါင်းဆောင် အဘူမာဒီအယ်မူဟာဒစ်နှင့် အီရန်ဗိုလ်ချုပ်ကာဆန်ဆိုလေမာနီတို့ လုပ်ကြံခံ ရမှုနှင့်ပတ်သက်၍ အီရတ်တရားရုံးက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ဖမ်းဝရမ်းထုတ်မှုအပေါ် အီရန်နိုင်ငံက ချီးကျူးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဂျာဗတ်ဇာရစ်က ပြောသည်။
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားမှုကို အဆုံးသတ်ရေးသည် ထိုအကြမ်းဖက်လုပ်ရပ်ကို အကောင်းဆုံး တုံ့ပြန်မှုဖြစ်ကြောင်း မိုဟာမတ်ဂျာဗက်ဇာရစ်က အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူအက်ဟူစိန်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်ကို ဖမ်းဝရမ်းထုတ်သည့် အီရတ်တရားရုံး၏ဆုံးဖြတ်ချက်ကို အီရန်အမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူး အလီရှမ်ခါနီကလည်း ကြိုဆိုထားသည်။ ၎င်းတို့အနေဖြင့် အဘူမာဒီအယ်မူဟာဒစ်နှင့် ကာဆန်ဆိုလေမာနီတို့သေဆုံးမှုအတွက် အချည်းနှီးဖြစ်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ထိုအကြမ်းဖက်မှုကို ကျူးလွန်သူများအပါအဝင် စီစဉ်သူများကို တရားစွဲဆို ပြီး ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရမည် ဖြစ်ကြောင်း အလီရှမ်ခါနီက ဆက်ပြောသည်။
အီရတ်တရားရုံးမှ တရားသူကြီးအနေဖြင့် အဘူမာဒီအယ်မူဟာ ဒစ်မိသားစုထံမှ ထွက်ဆိုချက်များ ကိုပြုစုပြီး နောက် ထိုဖမ်းဝရမ်းထုတ်ပြန်ချက်ကို ကြေညာခြင်းဖြစ်ကြောင်း တရားရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အီရတ်၏ ပြစ်မှုဆိုင်ရာဥပဒေအရ ကြိုတင်ကြံစည်သော လူသတ်မှုကိုကျူးလွန်သူများအနေဖြင့် သေဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။
Ref: Sputnik