ထိုင်းနိုင်ငံမှ ကြက်သွန်နီတင်သွင်းမည့် မူဝါဒသည် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ၂ဝ၂၁ ခုနှစ်တွင် ထုတ်ပြန်မည့် မူဝါဒသစ်ကို စောင့်ဆိုင်းနေ ကြောင်း ကုန်သည်များထံမှ သိရသည်။
၂ဝ၂၁ ခုနှစ် နှစ်စ ထုတ်ပြန်ချက်တွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှု ရှိ၊ မရှိ စောင့်ဆိုင်းလျက်ရှိပြီး ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ ထိုမူဝါဒပေါ်မူတည် နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာနက ကြက်သွန်နီ တင်သွင်းခြင်းဆိုင်ရာ ၂ဝ၁၈-၂ဝ၂ဝ အရ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအထိ အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထိုစာအရ ထိုင်းနိုင်ငံ သို့ ကြက်သွန်နီ တင်သွင်းသော မည်သည့် နိုင်ငံမဆို အကောက်ခွန် သက်သာခွင့် Form-D ဖြင့် တင်ပို့ရောင်းချခွင့်ကို နှစ်စဉ် သြဂုတ်လမှ အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခွင့်ရရှိပြီး ကျန်ကာလများ၌ တင်သွင်းမည်ဆိုပါက အခွန်နှုန်းထား ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းကျော် ကောက်ခံ ကြောင်း ပါရှိသည်။
''ထိုင်းနိုင်ငံမှာ ကြက်သွန်နီ တင်သွင်းခွင့် အမိန့်ကြော်ငြာစာအသစ် ထပ်မထွက် သေးလို့ လက်ရှိ အမိန့်ကြော်ငြာစာအတိုင်း ဆက်လက် တင်သွင်းနိုင်တယ်။ ဒါပေမဲ့ မူဝါဒအသစ် ထွက်လာရင် အခွန်နှုန်းထားနဲ့ တင်သွင်းခွင့်ပြုမယ့်ကာလတွေ အသစ်ဖြစ်လာနိုင်လို့ စောင့်ကြည့်နေတာပါ။ အခွန်နည်းနည်းနဲ့ တင်သွင်းခွင့်ပေး ရင်တော့ ဒီဘက်က ကြက်သွန်ဈေးလည်း ကောင်းလာမှာပါ။ အခု သူတို့ဘက်ကဝယ်ပေမယ့် အခွန်အခကရှိနေတော့ တောင်သူ တွေဆီက ဈေးကောင်းကောင်းပေးမဝယ် နိုင်ကြသေးဘူး'' ဟု မြဝတီမြို့ရှိ ကြက် သွန်နီကုန်သည် ဦးထွန်းထွန်း ကပြောသည်။
ထိုင်းနိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထွက် ကုန် ကြက်သွန်နီကို တင်ပို့ရောင်းချသည့် အခါ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) တောင်းခံခြင်းမရှိ သေးသော်လည်း Country of Origin (Co) Form ၊ Phytosanitary Certificate များနှင့်အတူ တင်ပို့ရောင်းချကြရကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သတ်မှတ်ထားသည့် လိုင်စင် (FOB) ဈေးနှုန်းများ အရ ကြက်သွန်နီ အရွယ်အစားအလိုက် ကွဲပြားမှုရှိရာ ကြက်သွန်နီ 20mm-30 mm အရွယ်အစား တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၁ဝ ခန့်ဖြင့် လည်းကောင်း၊ 25mm-35mm အရွယ်အစား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာ ခန့်ဖြင့် လည်းကောင်း၊ 35mm-Up အရွယ်အစား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၅ ဒေါ်လာခန့်ဖြင့် လည်းကောင်း အသီးသီး တင်ပို့ရောင်းချနေကြောင်း သိရ သည်။
လက်ရှိ ထိုင်းနိုင်ငံက အဝယ်များသည့် ကြက်သွန်နီ အရွယ်အစားများမှာ 20mm- 30mm ၊ 25mm-35mm ဖြစ်ကြောင်း သိရသည်။