ထိုင်းအစိုးရက သက်သာချောင်ချိရေး အတွက် ဘတ် ၂၇ ဘီလီယံ ထပ်မံသုံးစွဲ

ထိုင်းအစိုးရက သက်သာချောင်ချိရေး အတွက် ဘတ် ၂၇ ဘီလီယံ ထပ်မံသုံးစွဲ

ထိုင်းအစိုးရက ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်သည့် ကျပ်တည်းမှုများ သက်သာချောင်ချိရေး အတွက် ဘတ် ၂၇ ဘီလီယံ ကို ထပ်မံသုံးစွဲရန် စက်တင်ဘာ ၂၁ ရက်တွင် အတည်ပြုလိုက်သည်။

ထို့ပြင် စီးပွားရေးအရ ရုန်းကန်နေရစဉ် ပြည်တွင်းခရီးသွား လုပ်ငန်းတိုးတက် လာစေရေးအတွက်လည်း အကူအညီပေးမှု အစီအစဉ်ကို  သက်တမ်းတိုးရန် အစိုးရအဖွဲ့က သဘောတူသည်။

ထိုင်းနိုင်ငံ၏ အဓိက ဝင်ငွေလမ်းကြောင်းနှင့် အလုပ်အကိုင်ဖန်တီးပေးရာ ကဏ္ဍဖြစ်သည့် ခရီးသွား လုပ်ငန်းသည် ဧပြီလမှ စတင်ဖြစ်ပွားသော ဆိုးဝါးလှသည့် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့် တင်းကျပ်သော ထိန်းချုပ်ရေး လုပ်ငန်းများကြောင့် ကြီးစွာသော ထိခိုက်မှုနှင့် ရင်ဆိုင်ထားရသည်။

နိုင်ငံအတွင်း ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ ကျဆင်းလာကာ ကာကွယ်ဆေးထိုး ပေးနိုင်မှုနှုန်း မြင့်တက်လာသည့် အတွက် ကန့်သတ်ချက်အချို့ကို ယခုလတွင် ဖြေလျှော့ပေးထားပြီးဖြစ်သည်။

အလားတူ ထိုင်းအစိုးရသည် လာမည့် ၂ဝ၂၂ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ကူညီထောက်ပံ့ပေးမှုများ အတွက် ဘတ် ၄၆၈ ဘီလီယံကို ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေး တိုးတက်မှုကို သုည ဒသမ ၃၁ ရာခိုင်နှုန်း အထိ မြင့်တက်လာစေနိုင်ပြီး အလုပ်အကိုင် နေရာပေါင်း ၁၆၃ဝဝဝ ကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။