ဒီဇင်ဘာလတွင် ကျင်းပမည့် ONE Championship ၏ (၁ဝ) နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲ၌ အောင်လအန်ဆန်၏ ပွဲစဉ် ထည့်သွင်း ကျင်းပဖွယ်ရှိ

ဒီဇင်ဘာလတွင် ကျင်းပမည့် ONE Championship ၏ (၁ဝ) နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲ၌ အောင်လအန်ဆန်၏ ပွဲစဉ် ထည့်သွင်း ကျင်းပဖွယ်ရှိ

စင်ကာပူနိုင်ငံ၌ အခြေစိုက်ပြီး   အာရှဒေသတွင်း MMA ပြိုင်ပွဲများကို ကြီးမှူး ကျင်းပနေသည့် ONE Championship က  ဒီဇင်ဘာလတွင်  (၁ဝ)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့်ပြိုင်ပွဲ၌ အောင်လအန်ဆန်၏ ပွဲစဉ် ထည့်သွင်းကျင်းပဖွယ် ရှိကြောင်း သိရသည်။

ONE Championship သည် MMA ပြိုင်ပွဲများကို   ကြီးမှူး ကျင်းပနေသည်မှာ ဒီဇင်ဘာ ၅ ရက်တွင် (၁ဝ)နှစ်ပြည့်မြောက်မည်ဖြစ်ကာ (၁ဝ)နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ထားပြီး  နာမည်ကြီး တွဲဆိုင်း အများအပြားနှင့် ချန်ပီယံ ကာကွယ်ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်ကာ လက်ရှိတွင်  ထည့်သွင်းကျင်းပမည့် နာမည်ကြီး တွဲဆိုင်းများကို စတင် ထုတ်ပြန်လျက်ရှိသည်။

လက်ရှိ ONE  Championship  မှ ကြီးမှူး ကျင်းပနေသော   MMA   ပြိုင်ပွဲများ၌   အာရှဒေသတွင်း   ပရိသတ်အခိုင်အမာ ရရှိထားသည့် ကစားသမားဖြစ်သော အောင်လအန်ဆန်၏ ပွဲစဉ်ကိုလည်း ONE Championship  ၏  (၁ဝ)နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲ၌   ထည့်သွင်း ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

ONE Championship  ၏ အဓိက ချန်ပီယံခါးပတ်ဖြစ်သည့်   မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်နှင့်   လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ရရှိဖူးသည့်  အောင်လအန်ဆန်သည်  နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အဖြစ်    ဇူလိုင်လက ဘရာဇီးနိုင်ငံသား လီအန်ဒရို အတိုင်ဒီကို အလဲထိုး အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန် ကိုယ်တိုင်က လီအန်ဒရိုအတိုင်ဒီနှင့်  ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အပြီးတွင်    စင်ပေါ်မှပင်    ONE Championship  ဥက္ကဋ္ဌ ချက်ထရီကို ယခုနှစ်အတွင်း မည်သူနှင့်မဆို       နောက်ထပ်စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ခွင့်ရရှိရန် တောင်းဆိုထားပြီး  စက်တင်ဘာလ အတွင်း ယှဉ်ပြိုင်လိုသည်ဟု တောင်းဆိုထားခြင်း ဖြစ်သည်။

လက်ရှိတွင်  အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း၌ ယှဉ်ပြိုင်နေသူဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းမှ  ဖိုက်တာများ အနေဖြင့်လည်း ပွဲယှဉ်ပြိုင်မှု ဝေးကွာနေပြီ ဖြစ်သောကြောင့် ဒီဇင်ဘာလအတွင်း မစ်ဒယ်ဝိတ်တန်းမှ ဖိုက်တာအားလုံး ပွဲယှဉ်ပြိုင်ရန် အသင့်အနေအထားတွင် ရှိနေသည့်အတွက် အောင်လအန်ဆန်၏ ပွဲစဉ်ဖြစ်လာရန် အလားအလာ ပိုကောင်းနေခြင်းဖြစ်သည်။

ONE   Championship  ကလည်း ပရိသတ် အခိုင်အမာ ရရှိထားသည့် အောင်လအန်ဆန်၏ ပွဲစဉ်ကို ထည့်သွင်း ကျင်းပရန် စီစဉ်နေပြီး အောင်လအန်ဆန် အနေဖြင့် ပြိုင်ဘက်ဟောင်း ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်နှင့် မကျေပွဲပြန်လည် ယှဉ်ပြိုင်ရဖွယ် ရှိနေသကဲ့သို့ ရှုံးပွဲတွေ့ပြီး ချန်ပီယံခါးပတ်နှစ်ခု လက်လွှတ်ထားရသည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့်လည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲအဖြစ်  ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

လက်ရှိတွင် ONE Championship  က (၁ဝ)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့်ပြိုင်ပွဲအတွက် တွဲဆိုင်းသုံးဆိုင်း ကြေညာထားပြီး  ကျန်တွဲဆိုင်းများကိုလည်း မကြာမီထုတ်ပြန် ကြေညာဖွယ်ရှိကြောင်း သိရသည်။