ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်းအား လက်မလွှတ်လိုသည့် အတွက် ပြောင်းရွှေ့ကြေးကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၇၂ သန်း အထိသတ်မှတ်

ဒေါ့မွန်အသင်းသည်  တိုက်စစ်မှူး ဟာလန်းအား လက်မလွှတ်လိုသည့်အတွက်  ပြောင်းရွှေ့ကြေးကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့် စတာလင်ပေါင် ၁၇၂ သန်းအထိ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကလည်း အသင်းမှ တောင်ပံ ကစားသမား  ဆန်ချိုကို မရောင်းချလိုသည့်အတွက် စတာလင်ပေါင် သန်း ၁၄ဝ အထိသတ်မှတ်ပြီး ထိန်းချုပ်ခဲ့သကဲ့သို့ ယခုအခါတွင်လည်း ဟာလန်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၇၂ သန်းရရှိမှသာ ရောင်းချမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဆဲလ်ဘတ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသ နိုင်ခဲ့သည့် ဟာလန်းကို အပြောင်းအရွှေ့ ကာလတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သည့်   မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့နှင့်အတူ ပီအက်စ်ဂျီအသင်းကလည်း စောင့်ကြည့်လျက်ရှိသည်။

ဒေါ့မွန်အသင်းကမြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ဘာစီလိုနာ အသင်း၊ မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်း တို့က တရားဝင် ကမ်းလှမ်း လာဖွယ်ရှိကြောင်း သိရသည်။