
နည်းပညာဆန်းသစ်မှုတွင် မော်ကွန်းသစ်တစ်ရပ်တင်နိုင်ပြီး တိုက်လေယာဉ်ဈေးကွက်၌ အမေရိကန်ကို စိန်ခေါ်လာနိုင်သည့်ရုရှား
ရုရှားနိုင်ငံသည် ၎င်းတို့၏ တိုက်လေယာဉ်သစ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်ခြင်း အားဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်လက်နက်နည်းပညာ ဆန်းသစ်မှုကို ထပ်မံမော်ကွန်းသစ် တင်လိုက်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ ရုရှားသည် ဆယ်စုနှစ်ဝက်ကာလအတွင်း အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ခြင်း မရှိသော်လည်း ယခုအခါ အင်ဂျင်တစ်လုံးတပ် ကိုယ်ပျောက် တိုက်လေယာဉ် သစ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်ခြင်းကြောင့်ဖြစ်သည်။ ရုရှားသည် ၎င်းတို့၏ Su-22 နှင့် MiG-27 လေယာဉ်တို့ကို ၁၉၇၀ ပြည့်နှစ် တပ်တော်ဝင်ပြီး နောက်ပိုင်းမှစ၍ အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ်များအား ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ရုရှားနိုင်ငံသည် ယခုထုတ်ဖော်ပြသ လိုက်သည့် တိုက်လေယာဉ်သစ်ကို The Checkmate ဟု အမည်ပေးထားပြီး အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်ကို ဇူလိုင် ၂၀ ရက်မှ ၂၅ ရက်အထိကျင်းပလျက်ရှိသည့် MAKS2021 လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ရုရှားအစိုးရသည် အဆိုပါတိုက်လေယာဉ်သစ်ကို အမေရိကန်လုပ် F-35 ဘက်စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ် နှင့်ယှဉ်ပြိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် အဆိုပါတိုက်လေယာဉ်သစ်ကို လူသိရှင်ကြား ထုတ်ဖော်မပြသမီ သမ္မတဗလာဒီမာပူတင် အား ဦးစွာပြသခဲ့သည်ဟူသော ပြောဆိုချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
The Checkmate ကိုယ်ပျောက်တိုက် လေယာဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက် အလက်များကို အတိအကျထုတ် ပြန်ထားခြင်းမရှိသော်လည်း ယင်းတိုက် လေယာဉ်သစ် သည် ပစ်မှတ်ခြောက်ခုကို တစ်ပြိုင်တည်း ပစ်ခတ်နိုင်သည့်အပြင် လေယာဉ် ထုတ်လုပ်ရာတွင်လည်း မှတ်ဉာဏ်တု နည်းပညာအပါအဝင် ဆန်းသစ်သော နည်းပညာ များကို အသုံးပြုထုတ်လုပ်ထားခြင်းဖြစ်သည်။
တိုက်လေယာဉ်သစ်ကို ကာကွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော Rostec နှင့် ရုရှားနိုင်ငံပိုင် United Aircraft ကော်ပိုရေးရှင်းတို့က ပြီးခဲ့သည့်နှစ် မေလတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ The Checkmate ကိုယ်ပျောက်တိုက် လေယာဉ် သည် ပဉ္စမမျိုးဆက် အပေါ့စား တိုက်လေယာဉ်တစ်စင်းဖြစ်ပြီး ပြိုင်ဘက်များ သို့မဟုတ် ရန်သူများ၏အီလက်ထရွန်နစ် စစ်ဆင်ရေးဆင်နွှဲမှုကို အန်တုနိုင်သည်။
ထို့ပြင် ရန်သူများ သို့မဟုတ် ပြိုင်ဘက် နိုင်ငံများက အီလက်ထရွန်နစ် စစ်ဆင်မှု လုပ်ဆောင်နေစဉ်မှာပင် မြေပြင်၊ ဝေဟင် နှင့် ရေပြင်ရှိပစ်မှတ်များကို တစ်ပြိုင်တည်း ပစ်ခတ်နိုင်မည်ဖြစ်သည်။ အဆိုပါတိုက်လေယာဉ်သစ်သည် ဒုံးကျည်ပုံသဏ္ဌာန်ရှိ မောင်းသူမဲ့ လေယာဉ်များကို သယ်ဆောင်နိုင်သည့်အပြင် တိုက်လေယာဉ်သည် မြေပြင်အထက် အမြင့်ပေ ၅၄၀၀၀ တွင် အသံထက် ၂ ဒသမ ၂ ဆ ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်မည်ဖြစ်သည်။
အလားတူ ကိုယ်ပျောက်နည်းပညာကို အသုံးပြုထားခြင်းကြောင့် တိုက်လေယာဉ် သစ်၏ ရေဒါရှောင်ရှားနိုင်စွမ်းကိုပါ ပိုမို တိုးတက်လာစေမည်ဖြစ်သည်ဟု ဆိုနိုင်သည်။ The Checkmate တိုက်လေယာဉ်၌တပ်ဆင်ထားသည့် လက်နက်၊ ခဲယမ်းများတွင်လည်း R-73 ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်၊ NATO တပ်ဖွဲ့က AA-12 Adder ဟု အမည်ဝှက် ပေးထားသည့် R-77 ဒုံးကျည်၊ Kh-59MK သင်္ဘောဖျက်ဒုံးကျည်များကို တပ်ဆင်ထား ခြင်းကြောင့် တိုက်လေယာဉ်သစ်ကို လေကြောင်းစစ်ဆင်ရေးတွင် အသာစီးရရှိစေရန် အသုံးပြုနိုင်သကဲ့သို့ မြေပြင်မစ်ရှင်များအတွက်လည်း အသုံးပြုနိုင်မည့် အလားအလာ ရှိသည်။ ထို့ပြင် လေယာဉ်၌ သယ်ဆောင်လာသည့် မောင်းသူမဲ့ လေယာဉ်များကိုလည်း တိုက်လေယာဉ် မောင်းနှင်နေစဉ်အတွင်း အသုံးပြုနိုင်သောကြောင့် စစ်ကစားမှု စွမ်းရည်ကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေမည် ဖြစ်သည်။
ရုရှားနိုင်ငံသည် The Checkmate ကိုယ်ပျောက်တိုက်လေယာဉ်ကို တခြား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချရန်နှင့် တိုက်လေယာဉ်ဈေးကွက်တွင် အမေရိကန် နှင့် ယှဉ်ပြိုင် နိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ အကြောင်းမှာ ယခုဖော်ပြ လိုက်သည့် တိုက်လေယာဉ်သစ်၏တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၂၅ သန်းနှင့် သန်း ၃၀ ကြားရှိပြီး ရုရှားအစိုးရအနေဖြင့် အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ဝယ်ယူရန် အခွင့်အလမ်းမရှိသည့်နိုင်ငံများအား အဓိကထား ရောင်းချသွားဖွယ်ရှိ သည်။
ထို့ကြောင့် ရုရှားအနေဖြင့် တိုက်လေယာဉ်သစ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အိန္ဒိယ၊ ဗီယက်နမ်၊ အာဂျင် တီးနားအပါအဝင် အာဖရိကဒေသမှ နိုင်ငံများသို့ အဓိကထား ရောင်းချနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ အမေရိကန်အစိုးရသည် ၎င်းတို့၏ အဆင့်မြင့် နည်းပညာသုံး F-22 Raptor အမျိုးအစား တိုက်လေယာဉ်များကို တခြားနိုင်ငံများသို့ ရောင်းချပေးရန် ငြင်းဆိုထားသော်လည်း NATO တပ်ဖွဲ့ဝင်နိုင်ငံများနှင့် အစ္စရေး ကဲ့သို့သော လုပ်ဖော်ကိုင်ဖက်နိုင်ငံများထံ F-35 တိုက်လေယာဉ်များ ရောင်းချပေးလျက် ရှိသည်။ သို့သော်တချို့နိုင်ငံများမှာ F-35 တိုက်လေယာဉ်များကို ဝယ်ယူရန် အခွင့်အလမ်း နည်းပါးလျက်ရှိသည်။
ရုရှားနိုင်ငံသည် ၎င်းတို့၏ The Checkmate တိုက်လေယာဉ်သစ်ကို ၂၀၂၆ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ ရောင်းချရန်စီစဉ်ထားသည်။ တိုက်လေယာဉ်သစ်ကိုဝယ်ယူရန် လက်ရှိ စိတ်ဝင်စား နေသည့်နိုင်ငံများ၌ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများ၊ အာရှဒေသနှင့် လက်တင် အမေရိကဒေသရှိနိုင်ငံများ ပါဝင်နေသည်။
အဆိုပါနိုင်ငံများသို့ တိုက်လေယာဉ် များရောင်းချရာတွင် ရုရှားနိုင်ငံက အမေရိကန်လုပ် F-35တိုက်လေယာဉ်၏ ဈေးနှုန်းထက် ခုနစ်ဆလျှော့၍ ရောင်းချရန် စီစဉ်ထားသည်ကို တွေ့ရသည်။ F-35 တိုက်လေယာဉ်တစ်စင်း၏ လက်ရှိတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ရှိသည်ဟုဆိုသည်။ ထို့ကြောင့် အဆိုပါတိုက်လေယာဉ်ကို ဝယ်ယူရန် မတတ်နိုင်သည့် နိုင်ငံများ သို့မဟုတ် အခွင့်အလမ်းနည်းပါးသည့် နိုင်ငံများအနေဖြင့် ရုရှားလုပ် ပဉ္စမမြောက် တိုက်လေယာဉ်သစ်သည် ရွေးချယ်စရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ယခု ရုရှားက ထုတ်ဖော်ပြသလိုက်သည့် တိုက်လေယာဉ်သစ်သည် အမေရိကန်၏ F-35 တိုက်လေယာဉ်ဈေးကွက်တွင် အမေရိကန်ကို စိန်ခေါ်လာနိုင်သည့် လေယာဉ်တစ်စင်း ဖြစ်လာဖွယ်ရှိပြီး လာမည့်ခြောက်နှစ်အတွင်း ပြည်ပနိုင်ငံများသို့ အစင်းရေ ၃၀၀ နီးပါး ရောင်းချနိုင်ရန် မျှော် လင့်ထားသောကြောင့် ရုရှားနိုင်ငံသည် နည်းပညာဆန်းသစ်မှုတွင် မော်ကွန်းသစ် တစ်ရပ်တင်လိုက်နိုင်သည့်အပြင် တိုက်လေယာဉ်ဈေးကွက်၌ အမေရိကန် ကို စိန်ခေါ်လာနိုင်မည့်အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: Sputnik, CNA