နယ်စပ်ဂိတ်များပိတ်ထားသဖြင့် မျောက်ငိုသီးများ လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေ

တမူး၊ စီးပွားရေး

ယခုကာလ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ မျောက်ငိုသီး ဈေးကွက်အရောင်းအဝယ် မဖြစ်သေးကြောင်း မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရ သည်။

တမူးမြို့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် မျောက်ငိုသီးဈေး ကွက်မှာ တစ်တောင့်လျှင် ငွေကျပ် ၁၅၀ နှုန်းဖြင့် လက်လီဈေးကွက်တွင်သာ အရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။

“နယ်စပ်ဈေးပိတ်ထားတဲ့အတွက်ကြောင့် ကြိုက်ရောင်းကြိုက်ဝယ် သဘောမျိုးဖြစ်နေတယ်။  နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘူး။  ပြီးခဲ့တဲ့နှစ်ကလည်း မျောက်ငိုသီးတွေ တအားရှုံးခဲ့တယ်။ မျောက်ငိုသီးက ခြံပြတ်တွေ ဝယ်ယူသူမရှိတဲ့အတွက် မျောက်ငိုသီးစိုက်ထားတဲ့ ခြံပိုင်ရှင်တွေအနေနဲ့လည်း ဒီနှစ်အရောင်းအဝယ် မဖြစ်ဘူးပေါ့။ တမူးမှာပဲ လက်လီဈေးကွက်မှာ တစ်တောင့်ကို ငွေကျပ် ၁၅၀ နှုန်းနဲ့ ရောင်းချနေရတာပါ”ဟု  တမူးမြို့တွင် မျောက်ငိုသီး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုအောင်မျိုးဦးက ပြောသည်။

မျောက်ငိုသီးကို တစ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ  ကသည်းလူမျိုးများကသာ အများဆုံး ဝယ်ယူခြင်း ဖြစ်ပြီး ယခင်နှစ်က မျောက်ငိုသီးဈေးကွက်သည် တစ်တောင့်လျှင် ငွေကျပ် ၂၀၀ နှုန်း ပေါက်ဈေးရှိသော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၅၀ နှုန်းသာ ဈေးရနေသည်။

မျောက်ငိုသီးသည် နှစ်စဉ် ဇန်နဝါရီလမှ မတ်လအထိ ထွက်ရှိခြင်းဖြစ်ပြီး တမူးဒေသအပြင်ကလေး၊ မော်လိုက်၊  ဖောင်းပြင်၊ ဟုမ္မလင်း၊ ချင်းတောင် စသည့်ဒေသများမှ တစ်ဆင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် သယ်ယူပြီး တမူးမြို့ နန်းဖာလုံဈေးတွင် နှစ်စဉ်လာရောက် ရောင်းချမှုပြုလုပ်ကြောင်း သိရသည်။       

(၄၀၉)