နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကို ဂရုပြုလျက်ရှိသော တပ်မတော်

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်။  ဤမြေတွင် မွေးဖွားပြီး  ဗုဒ္ဓ၏ အဆုံးအမအောက်တွင် နေထိုင်ကြသည့်အတွက် မိမိတို့ကိုယ်မိမိ ဂုဏ်ယူကြသည်။ တပ်မတော်တွင် စစ်သားကောင်းအဖြစ် အမှုထမ်းသူများသည်လည်း မိမိတို့ကိုယ်မိမိ ယောက်ျားကောင်း ယောက်ျားမြတ်အဖြစ် ဂုဏ်ယူမဆုံးဖြစ်ကြရသည်။ လူတိုင်းမစွန့်စားရဲသောအလုပ်ကို တပ်မတော်သားတို့ လုပ်ဆောင်ကြသည်။

တပ်မတော်သားဖြစ်သည်နှင့် အရပ်ဒေသမျိုးစုံတွင် တာဝန် ထမ်းဆောင်ရသဖြင့် အခြားသူများနှင့်စာသော် ဗဟုသုတစုံလင်သည်။ တိုင်းရင်းသားတို့၏ ဘဝကို ကိုယ်တွေ့မျက်မြင် သိရှိသည့်အတွက် တိုင်းရင်းသားတို့အပေါ် ချစ်ခင်လေးစားသည်မှာ တပ်မတော်သားတို့၏ စိတ်ထားဖြစ်သည်။

အချို့သော တိုင်းရင်းသားတို့သည် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲပြီး ရာသီဥတုဆိုးရွားသည့် ဒေသတွင် နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် စားသောက်ရေးမှာလည်း ခက်ခဲလှသည်။ ကျန်းမာရေးအတွက်လည်း ပူပင်စရာ အနေအထားဖြစ်သည်။ တစ်ဆက်တည်းမှာပင် ပညာရေးမှာလည်း ထင်သလောက် ခရီးမရောက်နိုင်ပါ။ တပ်မတော်သည် နိုင်ငံတော်တာဝန်ကို ဦးဆောင်ခဲ့သည့်အချိန်မှစ၍ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကို အလေးထား ဆောင်ရွက်ပေးခဲ့သည်။ ထိုနယ်စပ်ဒေသ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုကို အသစ်စတင် ဖွင့်ပေးခဲ့သည်။

ယနေ့အခေါ် နယ်စပ်ရေးရာ ဝန်ကြီးဌာနဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက်တွင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပူတာအို-မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှု အခြေအနေများ ကြည့်ရှုကြောင်း သတင်းကို တွေ့မြင်ရသည်။ ခေါင်လန်ဖူးဒေသသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိ

သည်မှာ သုံးကြိမ်ရှိပြီဖြစ်သည်။ ခေါင်လန်ဖူးမြို့နယ်သည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ပါဝင်၍ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းမြို့ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနယ်စပ်နှင့် အနီးစပ်ဆုံးမြို့လည်း ဖြစ်သည်။

ပူတာအိုမှ အရှေ့အနောက် ၁၅ မိုင်၊ တောင်မြောက် ၂၅ မိုင်ကျယ်ဝန်းသော ပူတာအိုလွင်ပြင်ကြီးကို ဖြတ်သန်းပြီးပါက မကျန်ချောင်းနှင့် မလိခမြစ်ဆုံရာ အရပ်ဖြစ်သည့် မချမ်းဘော့ ဒေသအခေါ် (မကျန်ဘော့)သို့ ရောက်ရှိမည်။ ထိုမှတစ်ဆင့် မဂွေဇသို့ရောက်ရှိမည်ဖြစ်ပြီး ခေါင်လန်ဖူးမြို့သို့ ဆက်လက် သွားရောက်နိုင်သည်။ ပတ်ဝန်းကျင်တွင် ရေခဲတောင်များ၊ သဘာဝရှုခင်းများဖြင့် သာယာလှပသည်။ ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၂၃ အုပ်စုနှင့် ကျေးရွာပေါင်း ၁၄၄  ရွာတည်ရှိသည်။ ရဝမ်နှင့် လီဆူလူမျိုးစု လူဦးရေ ၁၄ဝဝဝဝ ကျော်နေထိုင်သည်။ သွားလာရန် ခက်ခဲလွန်းသည့်အတွက် ကုန်စည်စီးဆင်းမှုတွင် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်လွန်းသည်။

တပ်မတော်သည် ခေါင်လန်ဖူးဒေသအတွက် ဆန်ရိက္ခာများကို ထောက်ပံ့ပေးသည်။ ကုန်ဈေးနှုန်းမြင့်မားခြင်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၏ ဆိုးကျိုးဖြစ်သည်။ ထို့ကြောင့် မဂွေဇ-ခေါင်လန်ဖူးကားလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သား အင်ဂျင်နီယာများ ပူးပေါင်းပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစတင်၍  ဖောက်လုပ်ပေးခဲ့သည်။  ယခုဆိုလျှင် ရီဒမ်းကြိုး တံတားအကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။ ခေါင်လန်ဖူးဒေသ ဆက်သွယ်မှု လျင်မြန်ချောမွေ့စေရန် MEC Tel CDMA တယ်လီဖုန်း ဆက်သွယ်ရေးစနစ် ရရှိအသုံးပြုနိုင်စေရန် တပ်မတော်မှပင် ဆောင်ရွက်ပေးထားသည်။

ယခုခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသခံ တိုင်းရင်းသားများအတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော် စက်ရုံထုတ် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းနှင့် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဒခွမ်ဖေရမ်တို့က လည်းကောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဦးဆောင်ဥက္ကဋ္ဌများက ခေါင်လန်ဖူးဒေသအတွက် ဆန်အိတ် ၁ဝဝဝ အား ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

ခေါင်လန်ဖူးဒေသတွင် ခေါင်လန်ဖူးမြို့အထိ လမ်းဖောက်လုပ်ပြီးစီးပါက မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် လမ်းပန်း ဆက်သွယ်မှုရရှိအောင်  ဆက်လက် ဆောင်ရွက်သွားမည်ဟုသိရပေရာ  တပ်မတော်အနေဖြင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တင်း စိတ်ရင်းစေတနာကောင်းဖြင့် ဆောင်ရွက်ပေးနေပါကြောင်း ရေးသား လိုက်ရပေသည်။   ။