နိုင်ငံခြားသွားရောက်မည့် ပညာတော်သင်များ လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ  ၁၃

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဂျပန်နိုင်ငံရှိ ကျူရှူး တက္ကသိုလ်၊ ကိုဘေးတက္ကသိုလ်နှင့် နာဂိုရာတက္ကသိုလ်တို့သို့ ပညာသင်သွားရောက်မည့် ဥပဒေအရာရှိများအား Online စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ လေ့ကျင့်နှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြသည်။

ပညာသင်များသည် ၂၀၁၉ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံ၏ The Project for Human Resource Development Scholarship(JDS)  ပညာသင်ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးစီးအရာရှိတစ်ဦးနှင့် ဒုတိယဦးစီးအရာရှိ သုံးဦး စုစုပေါင်း လေးဦး ဂျပန်နိုင်ငံသို့ ပညာသင် ဆက်လက်သင်ယူရန်နှင့် သုတေသန စာတမ်းပြုစု၍ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။                   

(သတင်းစဉ်)