နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၇/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မတ် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်တာဝန်များကို ချပြဆွေးနွေးခဲ့ကြပြီး ကောင်စီဝင်များက ဒေသအလိုက်အခြေအနေများနှင့် တိုင်းပြည်၏ လိုအပ်ချက်အခြေအနေများကိုတင်ပြကာ အပြန်အလှန်ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် မှုများရှိခဲ့သဖြင့် လုပ်ငန်းများအထိုက်အလျောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဒေသ၊ မည်သည့်ပါတီ၊ မည်သည့်တိုင်းရင်းသားအဖြစ် ပါဝင် ဆောင်ရွက် နေကြသည်ဖြစ်စေ ကောင်စီအဖွဲ့ဝင်များအားလုံးအနေဖြင့် တိုင်းပြည်အကျိုး ဆောင်ရွက်လိုသည့်စိတ်ဖြင့် အားလုံးစုပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ယခင်အစည်း အဝေးများတွင်ကောင်စီဝင်များ ဆွေးနွေးခဲ့သည့် ဥပဒေများပြန်လည်စိစစ်ရေးနှင့် ပတ်သက်၍ အချို့ပြဌာန်းခဲ့သည့် ဥပဒေများသည် ဥပဒေသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ် ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအရဆောင်ရွက်သင့်သည် ဥပဒေများကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်၍ အဆိုပါဥပဒေများကို ထိန်းကျောင်းဆောင်ရွက်မှုနှင့် ကျင့်သုံးမှုများကို စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့ကောင်စီ စတင်တာဝန်ယူချိန်မှစ၍ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမအချို့ CDM ပြုလုပ်ခြင်းများရှိကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား မွန်းမံသင်တန်းများ ဖွင့်လှစ်ချိန်တွင် ပျက်ကွက်သည့်ဆရာ၊ ဆရာမအချို့ရှိကြောင်း၊ ပျက်ကွက်မှုဖြစ်ပွားသည့် ဆရာ၊ ဆရာမများသည် CDM ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ခံရမှုများရှိခြင်းကြောင့်ဟု သိရှိရကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ဆေးရုံများမှ ဆရာဝန်များ လည်း အလားတူခြိမ်းခြောက်ခံရမှုများရှိသည်ဟု သိရှိရကြောင်း၊ မိမိတို့အားခြိမ်းခြောက် နေသူများကို သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန်လိုကြောင်း၊ အချို့ဆရာ၊ ဆရာမများနှင့် ဆရာဝန်များအနေဖြင့် တာဝန်များပြန်လည်ထမ်းဆောင်လိုသော်လည်း အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပျက်ကွက်မှုများရှိနေကြောင်း။
ဝန်ထမ်းများအများစုမှာ နှစ်ကာလရှည်ကြာစွာကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြ သူများဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်ကြစေလိုကြောင်း၊ သဘောထားမတိုက်ဆိုင်မှုများ ရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်း သည် မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းတာဝန်များအား ပျက်ကွက်နေမှုမှာ ပြစ်မှုကျူးလွန်သည့် အဆင့်မဟုတ်ပါက ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုသာဖြစ်သဖြင့် ပထမအကြိမ်အနေဖြင့်ခံဝန် ကတိလက်မှတ် ရေးထိုးခိုင်းမည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက်လာမှသာ ဝန်ထမ်းစည်းမျဉ်းနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်များ CDM ပြုလုပ်မှုကြောင့် ဆေးရုံအချို့ပိတ် ထားရသဖြင့် တပ်မတော်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုမှု များရှိကြောင်း၊ တာဝန်ပြန်လည်ထမ်းဆောင်လိုသည့်ဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင် မှုကို ခွင့်ပြုထားပြီး ဆက်လက်တာဝန် ထမ်းဆောင်မှုမရှိသည့် လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြီးခဲ့သည့် တစ်လတာကာလအတွင်း ဒီမိုကရေစီစနစ်အရဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာကြောင်း၊ ပထမအဆင့်အနေဖြင့် ဆန္ဒပြမှုကိုထိန်းသိမ်း သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခဲဖြင့်ပေါက်ခြင်းသာပြုလုပ်ရာမှ ဒုတိယအဆင့်အနေဖြင့် ဂျင်ကလိများ၊ ကုန်းသီးများ၊ လက်လုပ်သေနတ်များဖြင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်လာသည့် အပြင် ဓားဖြင့်ခုတ်ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအချင်းချင်း သတ်ဖြတ်ခြင်း များအထိ ဆောင်ရွက်လာကြောင်း၊ ထို့အပြင်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုတွင် အရေးကြီးသော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့် စက်ရုံအလုပ်ရုံများကို မီးရှိုဖျက်ဆီးခြင်းများနှင့် လုယက်ခြင်းများအထိ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေး(Martial Law)အမိန့် ထုတ်ပြန် ထိန်းသိမ်းရသည်အထိ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူမှုများအား နှိမ်နင်းရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီသာ အဆင့်အလိုက်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း။
နိုင်ငံသားမှတ်ပုံတင် ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေး မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေးအတွက် ကောင်စီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မဲစာရင်းများစိစစ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူများများစွာရှိသည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း၊ အဆိုပါမှတ်ပုံတင်မရှိဘဲ မဲပေးခဲ့သူများထဲတွင် မိမိတို့တိုင်းရင်းသားလူမျိုးများ မဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတစ်ဝန်းတွင် ထိုကဲ့သို့သော မှတ်ပုံတင်မရှိသည့် မိမိတို့ တိုင်းရင်းသားမဟုတ်သူများ မည်မျှရှိနေမည်ကို မသိရှိနိုင်ကြောင်း၊ မဲစာရင်းများ စိစစ်ချိန်တွင် ဆန္ဒမဲလက်မှတ်များ ပိုရိုက်ထားမှုများ၊ သိန်းနှင့်ချီ၍ ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးခြင်းနှင့် အချို့ဆန္ဒမဲလက်မှတ်များ ပိုနေသည်ကိုတွေ့ရှိရကြောင်း။
ပုဂ္ဂလိကဘဏ်များပြန်လည်ဖွင့်လှစ်ရေးအတွက် ဗဟိုဘဏ်မှ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ဘဏ်ပိတ်ထားမှုသည် ဥပဒေ အားဖောက်ဖျက်ခြင်းဖြစ်သဖြင့် စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ရရှိစေရေးအတွက် ပိတ်ထားသည့် စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်း SME များအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု အတွက် ပို့ဆောင်ရေးလုပ်ငန်းများပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် စောဒန်နီယယ်တို့က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန် တစိုက် မတ်မတ် ဆက်လက်ဆောင်ရွက်သွားရေး၊ လှိုင်သာယာမြို့နယ်တွင် ကျူးလွန်ခဲ့သည့် လူသတ် တရားခံများကို ထိရောက်စွာပြစ်ဒဏ်ချမှတ်နိုင်ရန် အလျင်အမြန်ဆောင်ရွက်ရေး၊ CDM လှုပ်ရှားမှုများနှင့် ပတ်သက်၍ နောက်ကွယ်မှကြိုးကိုင်လှုံ့ဆော် နေသူများအား ဖော်ထုတ်ရေး၊ ဝန်ထမ်းများအတွက် လုံခြုံသည့်အကာအကွယ်ပေးရေး၊ သတင်းအမှားများဖြန့်ချိနေခြင်း အပေါ် တုံ့ပြန်ဆောင်ရွက်သွားရေး၊ အုပ်ချုပ်ရေးယန္တရားနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပုံမှန် လည်ပတ်နိုင်ရေး၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းများ ထည့်သွင်းပြသ ရောင်းချနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များတွင် Government to Government၊ Bank to Bank စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် အသင်းအဖွဲ့များအား ပြန်လည်စိစစ်ဆောင်ရွက်ရေး၊ ဒေသအလိုက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ဖြေလျှော့ပေးရေး၊ ပုဂ္ဂလိကဘဏ်များ ပုံမှန်ပြန်လည်ဖွင့်လှစ် လည်ပတ်သွားနိုင်ရေး၊ ဘုရားသုံးဆူနယ်စပ်ဂိတ် တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဘုရားသုံးဆူဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ ရေး-ထားဝယ် မဟာဓာတ်အားလိုင်း သွယ်တန်းရေး ကိစ္စဆက်လက်ဆောင်ရွက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုနီးကပ်စွာတွေ့ဆုံ ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆက်လက်ဆွေးနွေးရေး၊ လွတ်လပ်၍ တရားမျှသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်ခြားကုန်သွယ်ရေးလုပ်ငန်းများ စနစ်တကျ ဖော်ဆောင်ရေးနှင့် အကောက်အခွန်မူဝါဒများ ဖြေလျှော့ပေးရေး၊ မြန်မာနိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားသားများဝင်ရောက်မှု ထိန်းချုပ်နိုင်ရေး၊ လူနေရပ်ကွက်များအတွင်း စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ထားရှိမှုများ ပြန်လည်စိစစ်ပေးရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ရှင်းလင်းဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ အား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များကို ပြန်လည်စိစစ်နိုင်ရေး ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားသုံးဆူ ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ရေရှည်မျှော်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊
မြိတ်ဒေသတွင် ရေအားလျှပ်စစ် စီမံကိန်း ၄ ခုစီမံဆောင်ရွက်လျက်ရှိပြီး ဒေသအတွင်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့ငါးလေလံဈေးနှင့် ထားဝယ်စက်မှုဇုန် လုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုကို လျှော့ချပြီး တိုင်းပြည်၏ အရန်အဖြစ် ထိန်းသိမ်းထားရှိရန် လိုအပ်ကြောင်း၊ အလားတူ စွမ်းအင်အရင်းအမြစ်များကို ထိန်းသိမ်းရန်လိုအပ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေစွမ်းအင်နှင့် နေစွမ်းအင် တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲသွားရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ သစ်တင်ပို့မှုများ အား ကုန်ကြမ်းတင်ပို့ခြင်းထက် မိမိတို့နိုင်ငံတွင် ကုန်ချောထုတ်လုပ်၍ တင်ပို့ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးရန်လိုအပ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းရန်လိုအပ်ကြောင်း။
ကောင်စီဝင်များအနေဖြင့် အတွေ့အကြုံများစွာရှိသူများ ဖြစ်ကြသည့်အတွက် ယင်း အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံတော်အတွက် အကောင်ဆုံးဖြစ်စေရန်နှင့် မှတ်ကျောက် တင်ခံရစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေး လုပ်ဆောင် သွားမည် ဆိုပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။