နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၇/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ အောက်တိုဘာလကုန်တွင် ၃ ရာခိုင်နှုန်းအထိကူးစက်မှုနှုန်း ကျဆင်းစေရန် ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ရပ်နားထားရသည့်လုပ်ငန်းများနှင့် ယန္တရားများပြန်လည် လည်ပတ် ရေးများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ကူးစက်မှုနှုန်းကျဆင်းရေးရည်မှန်း ချက်ထားဆောင်ရွက်ခဲ့ရာတွင် ၃ ရာခိုင်နှုန်းထိမရောက်ရှိသော်လည်း ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားမှုနှုန်းများလျက်ရှိသည့် မြို့နယ် ၁၅ မြို့နယ်ခန့်ကို ဖယ်ထုတ်လိုက်ပါကကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းအောက်သို့ရောက်ရှိနေ သည်ကိုတွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသည့် မြို့နယ်များ၌ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အထူးအဖွဲ့ဖွဲ့စည်း၍ နယ်မြေသုံးခုခွဲ၍ ထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊ သတင်းရရှိသည့်နေရာများအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကူးစက်သူများကို ဖော်ထုတ်နိုင်သဖြင့် ရောဂါကုသရေးများကို လျင်မြန်စွာဆောင်ရွက် ပေးနိုင်ခြင်းကြောင့် ထပ်မံကူးစက်မှုကိုလျှော့ချနိုင်ခဲ့ပြီး ထိန်းချုပ်ရေးကိစ္စများတွင် အထောက်အကူရကြောင်း၊ ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ရောဂါထိန်းချုပ် ကုသရေးပစ္စည်းများနှင့် ဆေးပစ္စည်း များအား လုံလောက်စွာဖြည့်ဆည်း ပေးထားသော်လည်း ယခုထက်ပိုမိုဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ Stay at Home ထားရှိသည့် မြို့နယ်များကျန်ရှိနေပြီး လျှော့ချ၍ ရသည့် မြို့နယ်များကိုလည်း ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ Stay at Home ဆောင်ရွက်ထားခြင်းမရှိသော်လည်း သွားလာရေးနှင့် နေထိုင်ရေးစည်းကမ်းများအား ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ညွှန်ကြားထားသည့်အတိုင်း နေထိုင်လိုက်နာဆောင်ရွက် သွားရန်အတွက် ပြည်သူများအနေဖြင့်လိုက်နာရန်လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့် လည်း စနစ်တကျဖြစ်စေရန် စေတနာထား ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်း လာခြင်းကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ရာသီတုပ်ကွေးဖြစ်ပွားမှုနှင့် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်မှုများနည်းပါးခဲ့ကြောင်း၊ သို့သော် ယခုလ ၈ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်တက် ရောက်လျက်ရှိကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နှင့် တွက်ချက်ပါက တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော်ထပ်မံ တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ဖွယ်ပင် ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နောက်ကျနေ၍မရသဖြင့် ကျောင်းသား၊ ကျောင်းသူ များ နစ်နာမှုမရှိစေရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအား ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ၊ အသက် ၄၅ နှစ်အထက်ပြည်သူများကိုလည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍လည်း ကျောင်းသားမိဘများနှင့် ရပ်ရွာအေးချမ်းသာယာရေး လိုလားသူများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုများကြောင့် စာသင်ကျောင်းများတွင် နှောက်ယှက်မှုများ အနည်းငယ်သာ ရှိကြောင်း၊ အချို့နေရာများတွင် ခြိမ်းခြောက်မှုများရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိုက်မဲသည့်လုပ်ရပ်များ ဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူများ အနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများမှ သတင်းပေးဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊ အလားတူ ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှု များနှင့် ခြိမ်းခြောက်မှုများကိုလည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကာကွယ်ပေးခြင်းနှင့် ဖော်ထုတ်ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးသဖြင့် ပြည်သူများ၏ တာဝန်သိမှုနှင့် တက်ကြွသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူ့လုံခြုံရေးအတွက်ဆောင်ရွက် ရာတွင် ပြည်သူများ၏ပူးပေါင်း ဆောင်ရွက်မှုဖြင့်ဆောင်ရွက်မှသာ ပြည်သူ့လုံခြုံရေးကိုရရှိ မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က အခြေခံပညာ ကျောင်းတွေဖွင့်လာပြီ။ ဆက်လက်ပြီး ကျွန်တော်တို့က တက္ကသိုလ်တွေ အဆင့်မြင့် ပညာနဲ့ပတ်သက်ပြီး ဖွင့်ဖို့ရှိပါတယ်။ အဲဒီတော့ အခုလောလောဆယ်တော့ တက္ကသိုလ် မှာ လိုအပ်တဲ့ဆရာ၊ ဆရာမတွေကို ကျွန်တော်တို့ အသစ်တွေခန့်ထားတာတွေ လုပ်နေပါတယ်။ ခန့်ထားပြီးတော့ ကျွန်တော်တို့ သင်တန်းတွေပေးနေပြီ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီအခြေခံပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ တက္ကသိုလ် များကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ ဒီလိုဖွင့်တဲ့အခါမှာလည်း အဆင့်လိုက် ဖွင့်လှစ်ပါမယ်။ တပြိုင်တည်း ကျွန်တော်တို့ အကုန်တော့မဖွင့်နိုင်ဘူး။ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒါပြီးလို့ရှိရင် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသည့်ဖြင့် ဒီလိုဖွင့်သွားမှာပါ။ ဒီလိုအဆင့်လိုက်ဖွင့် သွားမယ် ဆိုရင် ဒီသက်ဆိုင်ရာကျောင်း တွေမှာလည်း သိပ်ပြီးတော့မှ အခက်အခဲသိပ်မရှိနိုင် ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲ့လိုလေးကျွန်တော်တို့စဉ်းစားထားပါတယ်။ ဒါကတော့ အခြေခံကနေစပြီး ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့် အရွယ်မှာ တော့ ပညာရေးကိုဘဲ စိတ်ဝင်စားဖို့လိုပါတယ်။ ကျွန်တော်တို့လိုလား တာကတော့ ကျောင်းသားက ပညာသင်ကြားဖို့ပါ။ ပညာသင်ကြားရမှာ။ ပညာ သင်ကြားဖို့တာဝန် ရှိပါတယ်။ ကျွန်တော်တို့ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေး ဝန်ကြီးဌာန ကိုလည်း ကျွန်တော်ကြပ်မတ်ပြီးတော့ ပြောဆိုလျက်ရှိပါတယ်။ ပညာတတ်အောင်၊ စာကိုတတ်အောင်သင်ပေးမယ်။ အတန်းအောင်ဖို့ထက် စာတတ်ဖို့ အရေးကြီးပါတယ်။ အတန်းအောင်ဖို့ထက်၊ စာမေးပွဲအောင်ဖို့ထက် ပညာတတ်ဖို့ အရေးကြီးပါတယ်။ သူ့ရဲ့လျော်ညီတဲ့ အတန်းပညာတတ်ဖို့ လိုပါတယ်။ ဒါအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့အစည်းအဝေးမှာလည်း ပြောပါတယ်။ KG+9 ကတော့ ကျွန်တော်တို့ အခြေခံ ကျွန်တော်တို့ရဲ့ ပညာရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်။KG+9 ဖြစ်ပါတယ်။ KG+9 ပြီးတာနဲ့ ကျွန်တော်တို့ vocational ကို အသက်မွေးဝမ်းကျောင်း ပညာသင်ကြား ဖို့အတွက် အခြေခံရသွားပြီဖြစ်ပါတယ်။ သူသင်လို့ရသွားပြီ။ KG+9 မရှိဘဲနဲ့တော့ ကျွန်တော်တို့ vocational သွားနိုင်ဖို့ တော်တော်လေး ခက်ပါတယ်။ အဲ့ဒါတွေပြီးတော့ အထက်တန်းပညာ၊ အဲ့ဒါတွေပြီးတော့ အဆင့်မြင့်ပညာ တစ်ဆင့်ပြီးတစ်ဆင့်သွား ပေါ့ဗျာ။ ဒီလိုသွားမယ်ဆိုရင် တိုင်းပြည်ပညာရေးက ဒါမြှင့်တင်ပေးရာရပါတယ်။ တိုင်းပြည်ပညာရေး မြှင့်တင်ပေးနိုင်ပြီဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကောင်းနိုင်မယ့် အနေအထား ရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။ ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာ ဖြစ်ပါတယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရပါဘူး။ ကျွန်တော်တို့ ဒါကို လည်းအလေးထားဖို့လိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ အားလုံးက ပညာနဲ့ပတ်သက်ပြီးတော့ ပညာ သင်ကြားရေးမှာ အေးချမ်းစွာပညာ သင်ကြားရေးနဲ့ အေးချမ်းစွာပညာသင်ကြားရေး ပေါ့။ သင်ကြားနိုင်ရေးနဲ့သင်ကြားရေး ဒီနှစ်ခုကို ကျွန်တော်တို့ဖန်တီးပေးဖို့ လိုမယ်ဆို တာလေး ပြောလိုပါတယ်။
ယင်းနောက် ကျန်းမာရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင် မူတည်ပြီး မျှော်မှန်းသက်တမ်းများအား မိမိတို့နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှု အရ ၂၀၂၀ ခုနှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁ တွင်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နိုင်ငံ သည် နံပါတ် ၆ အဆင့်တွင်ရှိပြီး အာဆီယံနိုင်ငံများတွင် နံပါတ် ၁၀ ရှိကြောင်း၊ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝ အခြေအနေများ၊ ပညာသင်ကြားမှုအခြေအနေများ၊ လူမှုစီးပွားဘဝအခြေအနေများ၊ လူနေမှုပုံစံများ၊ ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိကထား၍ တွက်ချက်ကြခြင်းဖြစ် ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့်ပတ်သက်၍ ဆီစားသုံးမှုလျှော့ချရန်၊ အရက်၊ ဆေးလိပ် သောက်သုံးမှုများ လျှော့ချရန်တိုက်တွန်း ပြောကြားလျက်ရှိကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မိမိပြောကြားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့် ၉ လပြည့်မိန့်ခွန်း၌ မိမိအနေဖြင့် ဆန်စားသုံးမှုအား လျှော့ချ၍ စားသုံးမှုပုံစံ ပြောင်းလဲရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်အားဗိုက် ပြည့်သည်အထိ စားသုံးကြပြီး အဆိုပါဆန်တွင် ကာဗိုဟိုက်ဒရိတ်များ များပြားစွာပါဝင်သဖြင့် အဆီနှင့် အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ အခြားအချိုပါဝင်သည့်မုန့်များ နှင့် ဟင်းလျာများ တွင်လည်း ဆီကိုအလွန်အမင်း ထည့်သွင်းအသုံးပြုမှုများရှိသဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှု များပြားပါကြောင်း၊ အလားတူအချိုနှင့်ဆီများစားသုံးမှု၊ အရက်နှင့်ဆေးလိပ်များ သောက်သုံး မှုများကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တိုက်တွန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်မြင်သံကြားများမှလည်း အဆက်မပြတ် ထုတ်လွှင့်ပညာ ပေးလျက်ရှိကြောင်း၊ ပြည်သူတိုင်းသက်တမ်းစေ့နေနိုင်ရေး အရေးကြီးသဖြင့် ကာဗိုဟိုက် ဒရိတ်လျှော့ချနိုင်ရေး အတွက် ဆန်စားသုံးမှုလျှော့ချရေးဆောင်ရွက်ပြီး အခြားလိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး၍ ဖြည့်ဆည်းပေး ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရေး မိမိအနေဖြင့်တိုက်တွန်း ဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ ၃ လုံးမှ ၆ လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် ၅ ကျပ်သားမှ ၁၀ သားအထိနေ့စဉ် စားသုံးရန်နှင့် ဟင်းသီးဟင်းရွက်များအား ၅ ကျပ်သားမှ ၁၂ ကျပ်သားအထိ စားသုံးရန် လို ကြောင်း၊ မိမိတို့နိုင်ငံသည် ရေမြေသဘာဝကောင်းမွန်သည့် နိုင်ငံဖြစ်သည့်အတွက် သီးနှံများ ဖြစ်ထွန်းအောင်စိုက်ပျိုးရန်လိုအပ်ပြီး မြစ်ချောင်းများ အတွင်း ငါးများပေါများအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏စွမ်းအားသည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများ အားလုံးကျန်းမာစွာဖြင့် နေထိုင်နိုင်ရန်လိုအပ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းများ တိုးတက်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှု ပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန်တိုက်တွန်းနေခြင်းဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ နိုင်ငံတကာနှင့်အွန်လိုင်းစာမျက်နှာများတွင် လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့ကြောင်း ရေးသားထားမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲနေ့တွင် လွတ်လပ်စွာဆန္ဒမဲ ပေးခဲ့ကြသည်ကိုတွေ့ရှိရသော်လည်း မဲစာရင်းများနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်စိစစ်မှုများဆောင်ရွက်ချိန်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက် ချိန်တွင် မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပြီး ၎င်းကိစ္စများကိုမူ မသိကျိုးကျွန်ပြုထားကြ ကြောင်း၊ ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲတစ်ရက်တည်းကိုသာ ကြည့်၍မရဘဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန် ကာလများကို ကြည့်၍ လွတ်လပ်သည့်ရွေးကောက်ပွဲဖြစ်မဖြစ် ကြည့်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်းကို မိမိထံသို့နိုင်ငံရေးပါတီများမှ စာရေးသား တင်ပြခြင်း၊ တွေ့ဆုံစဉ်တင်ပြခြင်းများရှိကြောင်း၊ ထိုကြောင့်မဲစာရင်းများအား စိစစ်ဆောင်ရွက်ခဲ့ချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေါင်း ၁၁ သန်းကျော်ခန့် မဲစာရင်းများမှားယွင်းခဲ့သည်ကို အခိုင်အမာတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲစာရင်း မသမာမှုပြုလုပ်ခြင်းသည် အဆိုးရွားဆုံးသော လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ ၁၀ နှစ် သားသာရှိသေးသဖြင့် မိမိအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း။
ပြည်တွင်းခရီးသွားလာရေးနှင့်ပတ်သက်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးပြီး ဖြစ်သဖြင့် ပို့ဆောင်ရေးလုပ်ငန်း၊ တည်းခိုရေးလုပ်ငန်း၊ စားသောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းရောင်း ဝယ်မှုလုပ်ငန်းများ အထိုက်အလျောက် လုပ်ငန်းများပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ကိုဗစ် ရောဂါထိန်းချုပ်မှု အခြေအနေများအပေါ်တွင်မူတည်၍ နိုင်ငံ တကာခရီးသွားလုပ်ငန်းများအား ဒီဇင်ဘာလ(သို့မဟုတ်) ဇန်နဝါရီလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ခရီးသွားလုပ်ငန်း များပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် နယ်မြေအလိုက်၊ မြို့ဝင်မြို့ထွက်များအလိုက် ကိုဗစ်စည်းကမ်း နှင့်အညီဖြစ်စေရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားကြရန် လိုကြောင်းမှာကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိသည့် နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH NUG PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတဝန်းရှိ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လက်ကမ်းစာဆောင်များ ထုတ်ဝေဖြန့်ချိ ရေး၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ပေးရေး၊ ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေအစီအစဉ်တွင် အခြေခံလူတန်းစားများကို ထည့်သွင်း ထုတ်ချေးပေးရေး၊ အခြေခံလူတန်းစားများ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးရေး၊ အာဆီယံခရီးသွားလုပ်ငန်းအစီ အစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် မူဝါဒများထပ်မံဖြည့်စွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ လက်ထောက်ညွန်ကြားရေးမှူးနှင့်အထက် ရာထူးတိုးမြှင့်ရေးတွင် စနစ်တကျ စိစစ် ဆောင်ရွက်ရေး၊ လေယာဉ်ဖြင့် ခရီးသွားမည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခလျှော့ချပေးရေးနှင့် အလွယ်တကူစစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ ကယားပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ လမ်းညွှန်မှုပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်ပစွက်ဖက်မှုဆန့် ကျင် ရေးဥပဒေနှင့်ပတ်သက်၍ ပြဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများအား ဥပဒေရေး ရာဝန်ကြီးဌာနက လိုအပ်သည့်စိစစ်လေ့လာမှုများဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် မြေပေါ်မြေအောက် သယံဇာတထုတ်ယူမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ကုန်ကြမ်းအနေဖြင့်ထုတ်လုပ်ရောင်းချမှုကို တားမြစ်ထားပြီး Value added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှုကိုသာ အားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို အလေးထား ဆောင်ရွက်လျက် ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်သွယ်ဆက်ဆံလျက်ရှိပါကြောင်း၊ ထို့ပြင်အာဆီယံ က ကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မိမိတို့နိုင်ငံမှ ပြည်ထောင်စု ဝန်ကြီးများ ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည် များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကြံစိုက်တောင်သူများ လတ်တလောတွေ့ကြုံနေရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ် ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် နိုင်ငံပိုင်နှင့်တပ်မတော်ပိုင် မီဒီယာကဏ္ဍမှ ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍနှင့်စပ်လျဉ်း၍ လူထုအခြေပြု အားကစား ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ အခြေခံလူတန်းစားများအား ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို အခြေခံတွက်ချက်၍ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဝင်ငွေတိုးတက်စေရေးအတွက် သဘာဝသယံဇာတ များကိုသာ အားကိုးနေ၍မရဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ခေတ္တ ပိတ်ထားခဲ့ရ သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံ ခရီးသွားစင်္ကြန်တွင် ပါဝင်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင် ပြီဆိုပါက ပြည်ပခရီးသွားလုပ်ငန်းများကို ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်အထောက်အကူပြုနိုင်သည့် စီမံကိန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အားကစားကဏ္ဍမူဝါဒတွင် လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွက်သွားမည်ဖြစ် ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် လိုအပ်သော အလုပ်ရုံဆွေးနွေးပွဲများ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လေကြောင်း ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးကိစ္စများနှင့် ပတ်သက်၍ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဘဝလုံခြုံရေးအတွက် အလေးထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးခိုင်မာမှုရှိပြီး စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေး ကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှု လိုငွေကို လျှော့ချနိုင်ရေး အတွက် သွင်းကုန်များကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်ရှိသည့် တန်ဖိုးမြင့်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိကာ လူမှုစီးပွားဘ၀ သာယာ၀ပြောမည်ဖြစ်ကြောင်း။
မိမိတို့ အစိုးရ၏ ရည်ရွယ်ချက်သည်လည်း တိုင်းပြည်သာယာ၀ပြောပြီး စားရေ ရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ဝင်ငွေ ရရှိရေးအတွက် အလုပ် အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာလုပ်ငန်း စနစ်များ ကောင်းမွန်စွာလည်ပတ် နိုင်စေရန်အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ ဦးဆောင်မှုကို ပုဂ္ဂလိကဘဏ်များအနေဖြင့် လိုက်နာဆောင်ရွက် ရမည်ဖြစ ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငွေပေးချေမှုစနစ်တွင် ဗဟိုဘဏ်၏ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဘဏ်စည်း ကမ်းများထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းကြောင်းပေးခြင်းဖြင့် ပြည်သူများဘဏ်စနစ်အပေါ် ယုံကြည်မှုရှိပြီး ငွေကြေးခိုင်မာမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံခြားငွေ ကုန်ကျမှုကို စိစစ်သုံးစွဲနိုင်ပါက တိုင်းပြည်အတွက် အကျိုးရှိ မည်ဖြစ်ကြောင်း၊ စားအုန်းဆီတင်သွင်းမှုနှင့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှသာ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် စားသောက်မှု ပုံစံကို ပြင်ဆင်သွားရန်နှင့် ဆီစားသုံးမှုကို လျှော့ချသွားရန်လို အပ်ကြောင်း၊ ထို့ပြင် စက်သုံးဆီတင်သွင်းမှုလျှော့ချရေးအတွက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ ပို့ဆောင်ရေးစနစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။