နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှုအခြေအနေ သုံးသပ်ခြင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည State-owned  Enterprise (SOE) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများ၏ လုပ်ငန်းအကောင်အထည် ဖော်နိုင်မှု အခြေအနေ သုံးသပ်ခြင်း အစည်းအဝေးကို    ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရုံးအမှတ် (၁၉)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ   နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းငါးခု၏   လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေ သုံးသပ်ခြင်း အစည်းအဝေး ပြုလုပ်ရခြင်းမှာနိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်း အကောင်အထည်ဖော်ရာတွင်ရငွေနှင့်သုံးငွေကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပိုမိုသုံးစွဲမှု    ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်၊ အမှန်လိုအပ်ချက်ထက် ပိုလျှံသည့် ဝန်ထမ်းများ မရှိစေရေး ပိုမိုခန့်ထားခြင်းများမဖြစ်စေရန်၊ မလိုအပ်သည့် အသုံးစရိတ်များ ချွေတာရေး စိစစ်ဆောင်ရွက်ရန်၊ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရာတွင် တန်ဖိုးမြှင့် ထုတ်ကုန်များ ရရှိအောင် ဆောင်ရွက်ရန်၊နိုင်ငံတော်နှင့်   အများပြည်သူတို့အတွက် အကျိုးပြုစေရေး အထူးအလေးထား ဆောင်ရွက်ရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း။

 နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများသည် Corporate Governanceကောင်းမွန်သော စီမံအုပ်ချုပ်မှုရှိစေရန် စည်းကမ်းတကျရှိမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုတို့ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မူဝါဒကောင်းများရှိရန် လိုအပ်ပြီး    လုပ်ငန်းအကောင်အထည်ဖော်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့် စနစ်တကျ ကောင်းမွန်လျှင် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ SOP များနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းမှု အပိုင်းတွင်လည်း မိမိတို့ ရည်မှန်းချက် ဦးတည်ချက်ကို ရရှိနိုင်မည့် စုဖွဲ့မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ မြို့နယ်အဆင့် ဝန်ထမ်းအထိ  မိမိအဖွဲ့အစည်း၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို သိရှိနေရန် လိုအပ်ကြောင်း၊ အကြောင်းကိစ္စ၊ ပြဿနာရှိလျှင် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်   ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် မှန်ကန်ပြီး မြန်ဆန်နေရန် လိုအပ်ကြောင်း၊ Conflict of Interest(COI) မဖြစ်စေရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆောင်ရွက်နိုင်လျှင်  ရလဒ်ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ နိုင်ငံ တော်ပိုင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် အမှတ်(၁)သတ္တုတွင်း လုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့သစ် လုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက    မိမိတို့လုပ်ငန်း အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက    ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။