နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်

လူသားတိုင်းတွင် တာဝန်ဝတ္တရားအသီးသီးရှိလေသည်။ မိဘဖြစ်နေလျှင် မိဘ၏တာဝန်ဝတ္တရား၊ဆရာဖြစ်လျှင် ဆရာ၏တာဝန်ဝတ္တရား၊ တပည့်ဖြစ်လျှင် တပည့်၏တာဝန်ဝတ္တရား၊ နောက်ဆုံးအဆင့်နိုင်ငံသားဖြစ်နေလျှင် နိုင်ငံသားတို့၏ တာဝန်ဝတ္တရား စသည်ဖြင့်ရှိကြလေသည်။ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း တာဝန်ဝတ္တရားရှိထားပြီးဖြစ်သည်။ တိုင်းပြည်ကောင်းစားရေးကို စီမံအုပ်ချုပ်လုပ်ကိုင်နေသည့်ကာလ၌ တိုင်းသူ ပြည်သားများကလည်း မိမိနိုင်ငံတော်အတွက်မိမိတို့တတ်စွမ်းသည့်နေရာမှ ပါဝင်လုပ်ဆောင်သင့်သည်။ လူသား တိုင်းသည် မိမိနေထိုင်သောနိုင်ငံ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးခရီးတွင် ပါဝင်ကူညီဆောင်ရွက်သင့်ပေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းသူပြည်သားများအတွက် အခွင့်အရေး များကို ဖော်ပြထားသကဲ့သို့ တာဝန်ဝတ္တရားများကိုလည်း ဖော်ပြထားပါသည်။ အခန်း(၈) ပုဒ်မ ၃၄၇တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်။ နိုင်ငံသားများအတွက် မူလအခွင့်အရေးရှိသကဲ့သို့ တာဝန်များလည်း ရှိပေသည်။ ပုဒ်မ ၃၈၃။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပုဒ်မ ၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့်နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၆ (ခ)တွင် နိုင်ငံတော်သည် နိုင်ငံ့ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့်ရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှုသက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းရမည်ဟူ၍ ဖော်ပြပါရှိသည်။ နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေများလည်း ပြဋ္ဌာန်း ထားပြီးဖြစ်သည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြည်သူ့ အကျိုးဆောင်ရွက် နေသူများသည် ဂုဏ်ယူဖွယ်ကောင်းသော ဝန်ထမ်းကောင်းများ ဖြစ်ပေသည်။

တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူများဖြစ်ပေသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏ အခြေ အနေအရပ်ရပ်အား ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ယနေ့အရေးပေါ်ကာလ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရချိန်အတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့အစွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်။ ပြည်ထောင်စုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတော်ဖြစ်ရေး ဆောင်ရွက်ပါမယ်။ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ပီပြင်စွာဖြစ်လာစေရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုပိုမိုခိုင်မာစေရေးဆက်လက်ဆောင်ရွက်ပါမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မမှိတ်မသုန်လျှောက်လှမ်းရင်း ပြည်ထောင်စုမြန်မာ နိုင်ငံရဲ့ ရည်မှန်းချက်များ ပြည့်စုံအောင်  ဖြည့်ဆည်းသွားပါမယ်လို့ပြောကြားလိုပါတယ် ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံသားတိုင်းသည် နိုင်ငံသားအခွင့်အရေးရှိသကဲ့သို့ နိုင်ငံတော်အတွက် မိမိတို့ထမ်းဆောင်ရမည့် တာဝန်ကို လည်း သိစေချင်ပါသည်။ မိမိစေတနာသည် မိမိကိုအကျိုးပေးပါလိမ့်မည်။ ယနေ့ကာလတွင် မိမိ လုပ်ဆောင် မှုသည် ကောင်းမွန်ရန် လွန်စွာအရေးကြီးပေသည်။ သို့ဖြစ်ပါ၍ ဤနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ရဟန်းရှင် လူပြည်သူအပေါင်းတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။     ။