အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်)
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သား လူအများတွင် တူညီသော မျှော်လင့်ချက်ရှိသည်။ ထိုမျှော်လင့်ချက်မှာ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက် စေချင်ကြသည်။ ဖွံ့ဖြိုးတိုးတက်မှု ဆိုရာဝယ် စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုး စေချင်သည်။ လူမှုရေးအရ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားစေချင်သည်။ ကာကွယ်ရေးအရ ကမ္ဘာ့အဆင့်မီ တပ်မတော်ဖြစ်စေချင်သည်။ ဤအချက် သုံးချက်သည် နိုင်ငံသားတိုင်း၏ မျှော်လင့်ချက်ဆန္ဒဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်လည်း ဖော်ပြထားပြီးဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဆိုသည်မှာ လူမှုပတ်ဝန်းကျင်တွင် နေထိုင်ရသော လူသားတစ်ဦးနှင့် ပမာတူပါသည်။ လူတိုင်းတွင် မိတ်ဆွေများရှိနေသလို ရန်သူများလည်း ရှိနေတတ်ပါသည်။ မည်သူကမျှ မိမိတွင် ရန်သူရှိနေသည်ကို နှစ်သက်ကြမည်မဟုတ်ပါ။ မိတ်ဆွေတစ်ရာရှိလျှင် နည်းသေးသည်။ ရန်သူတစ်ယောက်ရှိနေလျှင် များလှသည်ဟုဆိုကြပါသည်။ ရန်သူမရှိအောင် နေထိုင်လိုသော်လည်း ရန်လိုသူများရှိနေသောအခါ ရန်သူဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ လိုလားပါသည်။ နိုင်ငံအားလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးသည် မြန်မာနိုင်ငံ၏ ဆန္ဒအမှန်ဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် ပြန်လည်လေ့လာလျှင် မြန်မာပြည် တိုးတက်ကြီးပွားရေး(ဖွံ့ဖြိုးတိုးတက်ရေး)ကို မလိုလားသည့်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးသောအခါ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်။ ပြည်သူတို့ အလုပ်အကိုင် အခွင့်အလမ်း ပေါများခဲ့သည်။
မှတ်မှတ်ရရ ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ် ကျင်းပပြီး ခရီးသွားများကို ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အခြေအနေကား ဖွံ့ဖြိုးတိုးတက်ရန်သာ ရှိတော့သည်။ ထိုအခြေအနေတွင် ပြည်တွင်းမှ သစ္စာမရှိသူများနှင့် ပြည်ပနိုင်ငံအချို့ ပူးပေါင်းကာ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားခြင်းနှင့်အတူ မိသားစုပေါင်းများစွာ စားဝတ်နေရေး ကျပ်တည်းသွားသည်။ ရန်သူများ၏ ရည်ရွယ်ချက်က ထိုစဉ်က အုပ်ချုပ်သူများ အခက်အခဲဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း အမှန်တကယ် ထိခိုက်နစ်နာခဲ့သည်မှာ အများပြည်သူတို့သာ ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် မြန်မာနိုင်ငံအပေါ် မိတ်ဝတ်မပျက် ဆက်ဆံသော နိုင်ငံများလည်း ရှိပါသည်။ ထိုနိုင်ငံများတွင် ထင်ရှားသော နိုင်ငံများမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ဖြစ်သည်။
အရာရာတိုင်းတွင် မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားသည်။ ဖြစ်ရပ်မှန်မှာ မဲလိမ်မဲခိုး၍ တစ်ပါတီအာဏာရှင်စနစ် လမ်းကြောင်းသို့ လျှောက်လှမ်းရန် လုပ်ဆောင်နေခြင်းကို တားဆီးလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလ တာဝန်ယူလိုက်ရသည်။ ဤအခြေအနေတွင် အနောက်နိုင်ငံတွေ အနေဖြင့် NLD ပါတီဝင်များက တစ်ဆင့် မြန်မာပြည်သူတွေအပေါ်မှာ တရုတ်မုန်းတီးရေး ဝါဒမှိုင်းတိုက်လေတော့သည်။ NLD ပါတီအနေဖြင့် ကျရှုံးသွားချိန်တွင် ၎င်းတို့၏ စိတ်ရင်းအမှန် ထွက်ပေါ်လာခဲ့ပြီး တရုတ်မုန်းတီးရေး၊ ရုရှားမုန်းတီးရေးများကို ထုတ်ဖော် လုပ်ဆောင်လာသည်။ မြန်မာ-တရုတ်-ရုရှားတို့ ချစ်ကြည်ရင်းနှီးနေမှုကို ပျက်စီးစေချင်သည်။ ထို့ကြောင့် အဖျက်လုပ်ငန်းများ ဖျက်ဆီးရေး လုပ်ငန်းများကို လုပ်ဆောင်သည်။ တရုတ်လူမျိုးပိုင် စက်ရုံ၊ အလုပ်ရုံတွေကို မီးရှို့ဖျက်ဆီးသည်။
ထိုသို့မီးရှို့ဖျက်ဆီးမှုကြောင့် လက်တွေ့ထိခိုက် နစ်နာသူတွေမှာ တရုတ်လူမျိုးတွေ မဟုတ်ဘဲ ဒေသခံမြန်မာနိုင်ငံသားများသာဖြစ်သည်။ မြန်မာ အလုပ်သမားပေါင်းများစွာ ဝင်ငွေမဲ့သွားသည်။ အလုပ်အကိုင်မဲ့၊ ဝင်ငွေမဲ့သွားသောအခါ မိသားစုပေါင်းများစွာ စားဝတ်နေရေး အခက်ကြုံကြရသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လက်ရှိအစိုးရကို ကူညီနေသည့်အတွက် တိုက်ခိုက်သော်လည်း တကယ်အတိုက်ခံလိုက်ရသည်မှာ မြန်မာအချင်းချင်းသာဖြစ်နေသည်။ မြန်မာ့အရေးကို ေ့လာသူတိုင်း ဟောကိန်းထုတ်ခဲ့သည်မှာ ''ထိုပါတီသာ ဆက်လက်အာဏာမြဲနေရင် မြန်မာပြည်ပျက်မယ်။ အာဏာမဲ့သွားရင်လည်း မြန်မာပြည်ကို ဖျက်လိမ့်မယ်...''ဟူ၍ဖြစ်သည်။
ယခုလည်း အဖျက်နည်းလမ်းပေါင်းစုံ အသုံးပြု ဖျက်ဆီးလျက်ရှိသည်။ ယခင်နည်းလမ်းဟောင်းဖြစ်သော စီးပွားရေး ပိတ်ဆို့ခိုင်းမှုမျိုး မလွဲမသွေရှိမည်။ ဤအချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား RIA News သတင်းဌာနတွေ့ဆုံမေးမြန်းသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ''ယခုကမ္ဘာဟာ အမေရိကန်ကြီးစိုးတဲ့ခေတ် မဟုတ်တော့ပါဘူး။ Made in Russia-Made in Chinaဆိုတဲ့ ထုတ်ကုန်တွေလည်း ကမ္ဘာကို ပတ်နေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ဒီထုတ်ကုန်တွေနဲ့ လုံလောက်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေတာ ဒီကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ဆိုတာထက် ကူးစက်ရောဂါ ကပ်ဘေးကြောင့်က ပိုများပါတယ်''ဟူ၍ ဖြေထားသည်။ ဤသည်မှာ မှန်သောစကားဖြစ်သည်။ မည်သည့် အခက်အခဲရှိနေပါစေ လက်ရှိနိုင်ငံတော် အစိုးရသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လျက် ရှိပါကြောင်း ရေးသား လိုက်ရပေသည်။ ။