အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ မေ ၉ ရက်)
၂ဝ၂၁ ခုနှစ် မေလ ၂ ရက်နေ့က မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲကျင်းပသည်။ မြဝတီမီဒီယာ စင်တာနှင့် ပတ်သက်၍ သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင်သံကြားများ၊ အကျုံးဝင်သည့် မီဒီယာလုပ်ငန်းများသည် နိုင်ငံတစ်ခုအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အမျိုးသားအကျိုးစီးပွားအတွက် များစွာအထောက်အကူ ပြုစေနိုင်သည့် အင်အားစုကြီး တစ်ခုဖြစ်ပါကြောင်း၊ အဆင့်မြင့်နည်းပညာများ လိုအပ်လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌ အပြည့်အဝ မလုပ်ဆောင်နိုင်ဘဲ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေကြရသည်ကို မိမိအနေဖြင့် အားမလိုအားမရ ဖြစ်ခဲ့ရသည့်အတွက် တတ်နိုင်သည့်အချိန်တွင် လုပ်ဆောင်မည်ဟု စဉ်းစား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ အမှာစကားတွင် ကြားသိလိုက်ရသည်။
မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြစ် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်လျက်ရှိရာတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလှသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏ အကျိုးစီးပွားအတွက် ခေတ်မီဘက်စုံမီဒီယာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ ၎င်းတို့လိုလားသည့်အယူအဆ၊ လူနေမှုစနစ်၊ ယဉ်ကျေးမှု ဓလေ့စရိုက်များကို သွတ်သွင်းရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှ ထိုးနှက်မှုများ လုပ်ဆောင်နေသည်။ ဤသည်ကို သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင်သံကြားများ၊ အကျုံးဝင်သည့် မီဒီယာလုပ်ငန်းများဖြင့် ခိုင်ခိုင်မာမာ ကာကွယ်နိုင်ရန် လိုအပ်နေပြီဖြစ်သည်။
မြဝတီမီဒီယာစင်တာ ပေါ်ပေါက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်တော့မည်။ မီဒီယာနှင့် ပတ်သက်သည့် ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် စာနယ်ဇင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ခြင်းကြောင့် အချိန်နှင့် ငွေကြေးကုန်ကျစရိတ် လွန်စွာသက်သာပေမည်။ ယခင်က ရုပ်ရှင်၊ သီချင်း၊ ဂီတပညာရပ်ဆိုင်ရာ ခေတ်မီနည်းပညာပိုင်း လိုအပ်မှုများကို ပြည်ပသို့ သွားရောက်ဖြည့်ဆည်းခြင်း မျိုးကိုလည်း မြဝတီ မီဒီယာစင်တာတွင် ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ မီဒီယာအဆင့်အတန်း မြင့်မားလာမည်မှာ ဧကန်ဖြစ်သည်။
မြဝတီမီဒီယာစင်တာ တည်ဆောက် ဖွင့်လှစ်ရခြင်းမှာ ပြည်သူလူထု ယုံကြည်အားထားရမည့် အဓိက မီဒီယာလုပ်ငန်းကြီးတစ်ခု ဖန်တီးတည်ဆောက်နိုင်စေရန်၊ နိုင်ငံတော်၏ မီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန်၊ သတင်းနှင့်မီဒီယာ အခန်းကဏ္ဍ နည်းပညာဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများ သင်ယူလေ့လာနိုင်စေရန် ဟူသည့် ကြီးမားသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ကြောင်း ကြားသိရသည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် '' နိုင်ငံတစ်နိုင်ငံအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားပြီး ၎င်းမဏ္ဍိုင်ကြီးသုံးရပ်သည် အပြန်အလှန်ထိန်းကျောင်းမှု ကျင့်စဉ်နှင့် ရပ်တည်ခြင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရ တစ်ရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်ထောက်ပြမှုပြုလုပ်နိုင်သည့် အခြားမဏ္ဍိုင်ကြီးတစ်ခုမှာ မီဒီယာဆိုသည့် စတုတ္ထမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ ၂၁ ရာစု၏ သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်နှုန်းကြောင့် မီဒီယာ ကဏ္ဍအနေဖြင့် အရေးကြီးသည့် အခန်းကဏ္ဍကိုရောက်ရှိလာကြောင်း၊ မြဝတီမီဒီယာစင်တာတွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၊ ုဂ္ဂလိက မီဒီယာကုမ္ပဏီများသည် နိုင်ငံတော်အကျိုးပြု နိုင်ရေးအတွက် အဆင့်မြှင့်တင် ကွန်ရက်ပေါင်းစည်း ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း''ပြောကြားခဲ့သည်။
မြဝတီမီဒီယာစင်တာအား ပြည်သူလူထု ယုံကြည်အားထားရသည့် အဓိကမီဒီယာ စင်တာလုပ်ငန်းကြီးအဖြစ် မီဒီယာဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်နိုင်စေရေးနှင့် မီဒီယာအခန်းကဏ္ဍအား နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် မေလမှစတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ခုနစ်ထပ် အဆောက်အအုံဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်၌ 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့်လူ ၂ဝဝ ဆံ့ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projector ပါဝင်သည့် လူ ၃ဝဝ ဆံ့ ကဇာတ်ရုံ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများ ပြုလုပ်နိုင်ပြီး စတိတ်စင်၏ နောက်ခံဒီဇိုင်းများ လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်သည့် TV Studio နှစ်ခန်း၊ Talk Show Studio၊ Radio Studio ၊ MiniStudio ၊ Sound Studio ၊ News Studio ၊ Music Studio ခန်းများ၊ စာကြည့်တိုက်နှင့် မြဝတီမီဒီယာ သင်တန်းခန်းမများ ပါဝင်ပြီး တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်တို့၌ စီးပွားရေးဆိုင်ရာ ရုံးခန်းများ၊ ဆဋ္ဌမထပ်၌ လူ ၁၂ဝ ဆံ့ Ball Room ၊ လူ ၈၈ ဦးဆံ့ Function Hall ၊ လူ ၃ဝ ဦးဆံ့ Meeting Room များ ထည့်သွင်း တည်ဆောက်ထားကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အတွက် မြဝတီမီဒီယာစင်တာ ပေါ်ပေါက်လာခြင်းကို ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသား လိုက်ရပေသည်။ ။