နိုင်ငံတော်အလံအား ချစ်ခင်မြတ်နိုးတန်ဖိုးထားပါ

 

နိုင်ငံတော်အလံအကြောင်းကို ရေးလိုက်ရခြင်းမှာ ရွာတစ်ရွာ၏ ရုံးလေးတစ်ရုံးမှာ အလံတိုင်မှ လွှင့်ထူ ထားသော အလံလေးမှာ မြင်မကောင်းအောင်စုတ်ပြတ်ပြီး ဖြစ်နေသောကြောင့်  အလံနဲ့ပတ်သက်ပြီး  ဤဆောင်းပါးလေးအား ရေးသားတင်ပြလိုက်ရပါတယ်။ အလံ အလံတွေ များစွာရှိတဲ့အနက် နိုင်ငံတော်ကိုယ်စားပြုသော  အလံကို နိုင်ငံတော်အလံဟုခေါ်ပါတယ်။  နိုင်ငံကိုယ်စားပြုသောအလံကို လေးစားတန်ဖိုးထားရမည်မှာ    အမှန်ပင်ဖြစ်ပါတယ်။

အလံကို   ကမ္ဘာ့အလယ်အသီးသီးမှလည်း ကိုယ့်နိုင်ငံကိုယ်စားပြုအလံကို တန်ဖိုးထားကြပါတယ်။ မြန်မာအလံကို အစောဆုံးအနေဖြင့် ခရစ် ၁၅၀၀ လောက်က   အသုံးပြုခဲ့သည်ဟု ယူဆရသော ဟင်္သာအလံကို တွေ့မြင်ရမှာဖြစ်ပြီး အစိမ်းရောင်အောက်ခံမှာ အဝါရောင်ဟင်္သာရုပ်နဲ့ ဟံသာဝတီမင်း လက်ထက် အသုံးပြုခဲ့သောအလံဖြစ်ပါတယ်။

နောက်မင်းတုန်းမင်းကြီး စစ်ချီရာသုံးတဲ့ တံခွန်အလံ၊  နောက်ကုန်းဘောင်မင်းဆက်များ   အသုံးပြုခဲ့တာ ကတော့ ဒေါင်းအလံများဖြစ်ကြပါတယ်။   ဒေါင်းအလံကတော့ မင်းအခမ်းအနားမှာ အဖြူရောင်ပိုးသား အောက်မှာ   အနီရောင် ချည်ထိုးဒေါင်းရုပ်ကို  ပုံဖော်ထားတဲ့အလံဖြစ်ပြီး ၁၇၅၃ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ  မြန်မာဒေါင်းအလံကို  အသုံးပြုခဲ့ကြပါတယ်။  အင်္ဂလိပ်တို့   မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး  မြန်မာနိုင်ငံကို ကိုယ်စားပြုယူနီဂျက်အလံကို   အသုံးပြုခဲ့ပါတယ်။   ဒီအပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ် ယူနီဂျက် အလံဟာ ဒိုင်အာခီအုပ်ချုပ်ရေးပေးသည်အထိ   အသုံးပြုခဲ့ပါတယ်။ အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ မြန်မာ လွတ်လပ်ရေးတပ်မတော်ကတော့ အနီအောက်မှာ ကြယ်ပွင့်အဖြူတစ်ပွင့်ပါတဲ့ အလံကို အသုံးပြုခဲ့ ပါတယ်။  ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်အစိုးရ ပြန်တက်လာချိန်မှာ    ယခင်ယူနီဂျက်အလံကို  ဆက်လက်အသုံးပြုခဲ့ပြီးနောက်  မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး   ၁၉၄၈  ခုနှစ် ဇန်နဝါရီ  ၄ ရက်နေ့မှာ  လွတ်လပ်ရေးအခမ်းအနားဖြင့် အင်္ဂလိပ်တို့၏ ယူနီဂျက်အလံကို ဖြုတ်ချပြီး   မြန်မာအလံကို   လွှင့်ထူခဲ့ ပါတယ်။ မြန်မာအလံမှာ  ပြည်နယ်ငါးခုနဲ့ ပြည်မအေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပာယ်တွေ  ဖော်ဆောင်တဲ့ကြယ်ဖြူခြောက်ပွင့်ပါ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တရားဝင်အမှတ်အသား  အလံတော်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၄ ခုနှစ်မှပြန်လည်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ပြည်နယ်နဲ့တိုင်း ၁၄ ခုပါ အလုပ်သမား တောင်သူလယ်သမားများ ကိုယ်စားပြုပြီး မြန်မာနိုင်ငံတော်အလံဟာ အနီရောင် အောက်ခံမှာ ဘယ်ဘက်ထောင့်အပြာရောင် အောက်ခံစက်သွားပါ စပါးနှံနဲ့အရွယ်စားညီ ကြယ်ဖြူ ၁၄ လုံးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၄၃၇) ပုဒ်မခွဲ(က)တွင်ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ  ၂၁  ရက်နေ့တွင် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် အောက်ခံပေါ်တွင်  ရောင်ခြည်လက်တံငါးခုပါသော ကြယ်ဖြူကြီး တစ်လုံးနှင့် သုံးရောင်ခြယ်အလံကို ပြောင်းလဲ အသုံးပြုခဲ့သည်မှာ  ယနေ့တိုင်ထိဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကလေးကျောင်းသား ဘဝမှစတင်၍    နိုင်ငံတော်အလံကို  အလေးပြုခြင်းဖြင့် စတင်ခဲ့ ကြပြီး အလံတော်ကို  တပ်ရင်း/တပ်ဖွဲ့များ၊ အစိုးရရုံးများရှေ့တွင် စိုက်ထူတင်ထားကြပါတယ်။ အလံကို နေ့စဉ်အလေးပြုခြင်းများကို ပြုလုပ်ကြပြီးနောက် အလံချခြင်းကိုလည်း ညနေပိုင်းတွင်  နေ့စဉ်ပြုလုပ် ကြရပါတယ်။

အလံတင်ခြင်းနှင့်အလံချခြင်းများတွင် အလံချစဉ် အလံကို   မြေသို့မထိရပါ။ တပ်ရင်း/တပ်ဖွဲ့များတွင်    အလံတင် အလံချစဉ် စစ်ခရာများမှုတ်၍ ဆောင်ရွက်ကြပြီး နိုင်ငံတော်အလံကို ရုပ်ရှင်ရုံများပြသစဉ် အလေးပြုမတ်တတ်ရပ်ခြင်းများ ပြုလုပ်၍ရိုသေကြပါတယ်။ လွတ်လပ်ရေးနေ့များဆို နိုင်ငံတော်အလံ ကို  အိမ်များ ဈေးဆိုင်များအားလုံး တစ်နိုင်ငံလုံး လွှင့်ထူဂုဏ်ယူဝင့်ကြွား၍ပိတီဖြစ်ရပါတယ်။

နောက်ဆုံးနိဂုံးချုပ်တင်ပြရလျှင် နိုင်ငံတော်အလံကို ဥပဒေပြဋ္ဌာန်းချက်များဖြင့် ကာကွယ်ပြဋ္ဌာန်းထား တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်အလံဥပဒေ  အခန်း(၄)ပါ တားမြစ်ချက်နှင့် ပြစ်ဒဏ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍မည်သူမျှ အောက်ဖော်ပြပါတစ်ခုခုကို မပြုလုပ်ရ-

(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခု ကိုရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့်အရာထင်စေခြင်း၊

(ခ)       နိုင်ငံတော်အလံကို-

(၁)       အဆင်းအရွယ်၊ ပုံသဏ္ဌာန်သို့မဟုတ် အချိုးအစားပျက်ပြားစေရန်ပြုခြင်း၊

(၂)       ပြဋ္ဌာန်းခွင့်ပြုထားခြင်းမရှိသည့်နေရာ၊ ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း၊

 (၃)      မလေးမစားပြုခြင်း၊

 (ဂ)      နိုင်ငံတော်အလံ၏ အထက်နှင့်တန်းတူတွင်   ပြည်တွင်းရှိအဖွဲ့အစည်းများ၏   အလံတစ်ခုခု လွှင့်ထူခြင်း။

၂။နိုင်ငံတော်အလံလွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မည်သူမျှ-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏  အမိန့်မရဘဲ နိုင်ငံတော်အလံကို  တိုင်ဝက် လွှင့်ထူခြင်း မပြုရ။

(ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်တု အစရှိသော အထိမ်းအမှတ် ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်းမပြုရ။

(ဂ)       နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင်မှအပ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးလွှမ်းခြင်းမပြုရ။

(ဃ)     နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ   နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်းမပြုရ၊ နိုင်ငံတော်အလံနှင့်သင်္ချိုင်းမြေမထိရ။

(င)       နိုင်ငံတော်အလံကို အတင်အချပြုရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော် အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့်မထိစေရ။

(စ)       နိုင်ငံတော်အလံအား ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက်သရေပျက်ပြားစေရန် တမင်သက်သက် ပြုခြင်းမပြုရ။

၃။ နိုင်ငံတော်အလံကို မည်သူမျှ-

(က)     ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ။

(ခ)       အခင်းအဖြစ် အသုံးမပြုရ။

(ဂ)       နိုင်ငံတော်၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည်   ခြယ်လှယ်မှု အဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ် လည်းကောင်း သုံးစွဲခြင်းမပြုရ။

၄။ မည်သူမဆိုတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်ကို ချစ်မြတ်နိုးပါ နိုင်ငံတော်အလံကို တန်ဖိုးထားပါလို့ တိုက်တွန်းတင်ပြရင်းနဲ့ လာမည့်လွတ်လပ်ရေးနေ့မှာ မြန်မာပြည်တစ်ဝန်း မြန်မာ့ အလံများ လွှင့်ထူခြင်းဖြင့် လွှမ်းမိုးထားပါရစေလို့  ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။   ။