နိုင်ငံရေမြေသဘာဝများမပျက်စီးရေး

 

ပုံပန်းသဏ္ဌာန်ကြည့်လိုက်သော် လွန်စွာအရုပ်ဆိုးသည်။ မျိုးရိုးဗီဇကိုလေ့လာလိုက်သော် စိတ်ပျက်ဖွယ် ကောင်းသည်။ ယခုတလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူသိများလာသော သတင်းတစ်ပုဒ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စုပ်ခွက်ငါးကောင်ရေ ၂၀၀၀ ခန့်ကို ဧရာဝတီမြစ်အတွင်း လွှတ်ပေး လိုက်သည့်သတင်းဖြစ်သည်။ ငါးနာမည်က စုပ်ခွက်ငါး(Sucker mouth Catfish)ဟုခေါ်တွင်သည်။ မြန်မာနိုင်ငံအတွင်း မွေးဖွားကြီးပြင်းလာသော ငါးမျိုးနွယ်မဟုတ်ဘဲ ပြည်ပမှခိုး၍ တင်သွင်းလာသော ငါးမျိုးစိတ်ဖြစ်နေသည်။

ထိုငါးမျိုးစိတ်ကို တင်သွင်းလာသူများသည် နိုင်ငံတော်၏ တရားဝင်လမ်းကြောင်းမှ တင်သွင်းလာ ခြင်းမျိုး မဟုတ်ဘဲ ခိုးဝင်တင်သွင်းလာသော ငါးမျိုးစိတ်ဖြစ်ပေသည်။ နိုင်ငံ၏ရေမြေသဘာဝနှင့် ကိုက်ညီသည့် ငါးမျိုးစိတ်အသစ်များကို အစိုးရချင်းဖလှယ်သည့်စနစ်ဖြင့် တင်သွင်းလျက်ရှိရာတွင် စုပ်ခွက်ငါးမျိုး မပါဝင်ပါ။ ထိုစုပ်ခွက်ငါးမျိုးသည် မြန်မာတို့၏ရေ၊  မြေ၊ လေ  သဘာဝနှင့်လုံးဝကိုက်ညီခြင်း မရှိသော ငါးမျိုးစိတ်ဖြစ်သည်။ ယင်းငါးမျိုးများ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ ဘရာဇီး၊ ပီရူးနှင့်အမေဇုန်မြစ် တို့ဖြစ်သည်။ ထိုငါးမျိုးစိတ်ပေါင်းမှာ ၁၀၀ ခန့်ရှိသည်ဟုသိရှိရသည်။

စုပ်ခွက်ငါးများသည် ရေတွင်ပေါက်သည့်အပင်များ၊ ရေသတ္တဝါများ၏ဥများ၊ သားလောင်းများနှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ရေသတ္တဝါငယ်များကို စားသုံးသည့်အတွက် စုပ်ခွက်ငါးမျိုးကို  အစုံစားငါးမျိုးဟု သတ်မှတ်ထားသည်။ ခန္ဓာကိုယ်ရှိ သံချပ်ကာကဲ့သို့ မာကျောသော အရိုးပြားများနှင့် ဆူးချွန်များကြောင့် အခြားသောငါးမျိုးများကို အန္တရာယ်ပြုနိုင်သည်။ အစားအစာအစုံစားသည့်အတွက် ဒေသခံရေနေ သတ္တဝါများ၏ အစာကွင်းဆက်အတွက် ကြီးမားသောအန္တရာယ်ဖြစ်သည်။ ပို၍အန္တရာယ်ရှိသည်မှာ စုပ်ခွက်ငါးများသည် သဘာဝမြစ်ချောင်းများ၌ ကျင်းခတ်ဥချသားပေါက်ပြီး သားလောင်းများကို ထိန်းကျောင်းသည်။ ပေါက်ပွားမှုနှုန်းကောင်းသလို ရှင်သန်နှုန်းကောင်းသည်။ အချိန်တိုအတွင်း ကောင်ရေအများအပြား တိုးပွားလာသောငါးမျိုးဖြစ်သည်။ ထိုစုပ်ခွက်ငါးများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခြင်းမှာ ကိုယ်ပိုင်အလှမွေးသူများကြောင့်ဖြစ်သည်။

ပြည်ပနိုင်ငံများတွင် ထူးခြားသောအသွင်သဏ္ဌာန်ကို သဘောကျတွေ့ရှိရာမှ မိမိအိမ်တွင် အလှမွေးရန် ဝယ်ယူလာခြင်းဖြစ်ပေသည်။ မိမိတို့၏အလှမွေးငါးကန်အတွင်း ကန်အောက်ခြေပိုင်းအနည်အနှစ်များကို စားသုံးခြင်းဖြင့် ရှင်းလင်းရန် သန့်ရှင်းရေးငါးအဖြစ်လည်းကောင်း၊ မျိုးစိတ်သစ်အနေဖြင့် လည်းကောင်း သယ်ဆောင်လာကြခြင်းဖြစ်သည်။ အလှမွေးငါးမွေးမြူသူများက မိမိတို့မမွေးမြူလိုတော့သည့်အချိန်၌ မြစ်များ၊ချောင်းများ၊ ကန်များအတွင်းစွန့်ပစ်ရာမှ သဘာဝရေပြင်များ၌ ပေါများစွာတွေ့မြင် လာရခြင်း ဖြစ်ပါသည်။

အမှန်တကယ် စီးပွားဖြစ်မွေးမြူနေကြသော ငါးမွေးမြူရေးကန်အတွင်းသို့ စုပ်ခွက်ငါးများ ရောက်ရှိ သွားလျှင် ထိုမွေးမြူကန်အတွက်စိုးရိမ်ဖွယ်ဖြစ်သည်။ စုပ်ခွက်ငါးများသည် ကန်ပေါင်များ၌ ကျင်းခတ်ဥ ချလေ့ရှိသောကြောင့် ငါးမွေးကန် ကန်ပေါင်များပျက်စီးနိုင်သည်။ အစားအစာကျွေးသည့်အခါ ကျွေးသော အစာကို မွေးမြူရေးငါးများနှင့် လုယက်ယှဉ်ပြိုင်စားသောက်ခြင်းကြောင့် မွေးမြူရေးငါးများ အာဟာရချို့တဲ့ လာမည်။

ပေါက်ပွားမှုနှုန်းမြင့်မားမှုကြောင့် ကန်အတွင်းထုထည်ကြီးမားစွာ တိုးပွားလာသည်။ ထိုငါးများကြောင့် ကန်ရေ အရည်အသွေးကျဆင်းကာ သန့်ရှင်းမှုနည်းပါးသည်။ အနှစ်ချုပ်လျှင် ငါးကုန်ထုတ်လုပ်မှုကို လျော့ပါးစေခြင်းစသည့် ဆိုးကျိုးများကြောင့် ငါးမွေးမြူသူများအတွက် ကြီးမားသည့်အန္တရာယ် ဖြစ်စေသည်မှာ အမှန်ဖြစ်သည်။

မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဒေသခံပတ်ဝန်းကျင် အနေအထားနှင့် အံဝင်ခွင်ကျမှု မရှိဘဲ ဒေသတွင်းဂေဟစနစ်ကို ပြောင်းလဲစေပါသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်သူ လူသားအပေါင်းသည် မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံတော်၏ ရေမြေသဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြရပေမည်။ ပြည်ပကျူးကျော်မှုတိုင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပေးတတ်ပေရာ မိမိတစ်ဦးချင်း၏ ကိုယ်ကျိုးစီးပွားထက် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုရှေးရှုလျက် ခွင့်ပြုချက်မရှိရောက်ရှိလာသော ခိုးဝင်ငါးမျိုးစိတ်များမွေးမြူခြင်း မပြုသင့်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။