နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင်ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် စည်ပင်ဧည့်ရိပ်သာ(၁) ကာကွယ်ဆေးထိုး စုရပ်တွင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်အထိ အရာထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကြီးကြပ်ဆောင်ရွက်ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့တွင် ဝန်ကြီးဌာန ၁ဝ ခုမှ အရာထမ်း ၉ဝ၇ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့တွင် အသက် ၆၅ နှစ်နှင့် အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ အင်းယား ကိုဗစ်-၁၉ စင်တာကာကွယ်ဆေး ထိုးစုရပ်တွင် သံဃာတော် ၁၁၂ ပါးကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။