နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးသူ မည်သူကိုမဆို တရုတ်က တိုက်ခိုက်ရန် အသင့်ရှိ

ပေကျင်း၊ နိုင်ငံရေး
တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏နယ်မြေပိုင်နက်နှင့် အချုပ်အခြာအာဏာကို ထိပါးလာသော မည်သည့်နိုင်ငံ၊ အဖွဲ့ အစည်းကိုမျှ ခွင့်လွှတ်မည်မဟုတ်ကြောင်းနှင့် မည်သည့်ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်တိုက်ခိုက်သွား ရန်အသင့် ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။
၎င်းတို့အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားအပေါ် ထိခိုက်စေမှု များကို လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း၊ နိုင်ငံကိုခွဲထုတ်မည့် မည်သည့် အရာကိုမျှ ခွင့်ပြုမည် မဟုတ် ကြောင်း တရုတ်ပြည်သူများ အနေဖြင့် အမှန်တကယ် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဗိုလ်ကျလွှမ်းမိုးမှု သို့မဟုတ် နယ်မြေချဲ့ထွင်မှုတို့ကို လုပ်ဆောင်သွားမည်မဟုတ်ဘဲ ဗိုလ်ကျလွှမ်းမိုးပြီး အင်အားသုံးသည့်နိုင်ငံရေးများကို အခိုင်အမာ ကန့်ကွက်ကြောင်း ၎င်းက အလေးပေး ပြော သည်။
ယနေ့ကမ္ဘာကြီးတွင် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သောဝါဒနှင့် အတ္တဝါဒတို့ကို မည်သူမျှ လက် မခံ တော့ကြောင်း၊ ခြိမ်းခြောက်မှု၊ ပိတ်ဆို့မှု၊ အတင်းအကျပ် ဖိအားပေးမှုတို့သည် အကျိုးသက်ရောက်မှု မရှိတော့ကြောင်း၊ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်မှု၊ ဗိုလ်ကျစိုးမိုးမှုနှင့် အနိုင်ကျင့်မှုတို့သည်လည်း အလုပ်မဖြစ် တော့ ကြောင်း၊ ထို့ပြင်ယင်း ကဲ့သို့လုပ်ဆောင်မှုများသည် အဆုံးသတ် မလှကြောင်း ရှီကျင့်ဖျင်က ဆိုသည်။
ရှီကျင့်ဖျင်သည် ကိုရီးယား စစ်ပွဲအတွင်း မြောက်ကိုရီးယားသို့ တရုတ်တပ်ဖွဲ့များ စတင်ဝင်ရောက်သည့် နှစ်(၇ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနား၏ အစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ပြီးခဲ့သည့် လများမှစ၍ တင်းမာမှုများ အလွန်အမင်း မြင့်တက်လာနေပြီး အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများ ဝင်ရောက် ခုတ်မောင်း မှုနှင့် တရုတ်(တိုင်ပေ)သို့ အမေရိကန်က စစ်လက်နက် ပစ္စည်းများ ရောင်းချမှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။