အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ မေ ၃ ရက်)
မိဘတိုင်းတွင် တူညီသော ရည်မှန်းချက်ရှိကြသည်။ မိမိတို့မှဆင့်ပွား မွေးဖွားလိုက်သော သားသမီး၊ မြေးမြစ်များကို ပညာတတ်ကြီးများ ဖြစ်စေချင်သည်။ ပညာတတ်ဖြစ်သည်နှင့်အတူ ရာထူးရာခံ ကြီးကြီးမားမားနှင့် သူတို့ဘဝကိုသူတို့အေးချမ်းစွာ ရပ်တည်သွားနိုင်သည့် အဖြစ်မျိုးကို လိုလားကြသည်။ သူတို့တတ်မြောက်ကျွမ်းကျင်ရာ ပညာရပ်နှင့် နယ်ပယ်အလိုက် အရေးပါအရာရောက်သူများ ဖြစ်စေချင်သည်။ မည်သည့် မိဘကမျှ မိမိတို့၏ မျိုးဆက်ကလေးများကို အသိမဲ့၊ ပညာမဲ့၊ လူမိုက်လူရမ်းကား ကလေးများဖြစ်စေချင်မည် မဟုတ်ပါ။
ထို့ကြောင့် ရင်သွေးငယ်များ အရွယ်ရောက်သည်နှင့် ကျောင်းအပ်ကြသည်။ ကျောင်းဝတ်စုံ ကလေးနှင့် ရင်သွေးငယ်များကို မြင်တွေ့ရသည်မှာ မိဘတိုင်းအတွက် ပီတိဖြစ်စရာ ကြည်နူးစရာဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ်တစ်နှစ် ရပ်နားထားလိုက်ရသည်။ နိုင်ငံတော်အတွက် နစ်နာသလို ကျောင်းသားများ၊ မိဘများလည်း နစ်နာလှပါသည်။ မိဘတိုင်းက ကျောင်းများ ဖွင့်လှစ်ချိန်ကို မျှော်လင့်လျက်ရှိကြသည်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်ကို တာဝန်ယူခဲ့ရသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် နဝမမြောက် ဦးတည်ချက်ဖြစ်သည်။
ကျန်းမာရေးနှင့်ပညာရေးသည် နိုင်ငံတည်ဆောက်ရေးတွင် အဓိက အကျဆုံးဖြစ်သည်။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ရှိ သင်တန်းများနှင့် ကျောင်းများကို မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြေညာချက် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ဘာသာရပ်ဆိုင်ရာ အလိုက်ကျောင်းများကို ဖွင့်လှစ်လျက်ရှိရာတွင် မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသောတက္ကသိုလ်ကျောင်းများလည်း ရှိပေသည်။
လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ ယဉ်ကျေးလိမ္မာသော အနုပညာရှင်ကောင်းများ မွေးထုတ်ပေးရန်၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် အနုပညာအသီးသီးတို့ကို တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် မိမိတက္ကသိုလ်မ ှမွေးထုတ်ပေးသောအနုပညာရှင်များမှ လက်ဆင့်ကမ်း သင်ကြားပေးရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း၊ ဖော်ထုတ်၊ တီထွင်၊ မြှင့်တင်၊ ဆန်းသစ်၊ ပေါင်းစပ်၍ လူငယ်၊လူရွယ်များသာမက ကမ္ဘာကသိအောင် ဆောင်ရွက်ရန်၊ အနုပညာကိုဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ Info-tainment, Edu-tainment ဖြစ်စေရန်နှင့် ကမ္ဘာက လာရောက်သင်ကြားရသော အရည်အသွေးမြှင့် တက္ကသိုလ်ဖြစ်စေရန် မျှော်မှန်းချက်များဖြင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ဖွင့်လှစ်ခဲ့ခြင်းမှာ ယနေ့ခေတ်တွင် အလိုအပ်ဆုံး ယဉ်ကျေးမှုကွက်လပ်ကို ဖြည့်ပေးထားခြင်းဖြစ်သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၂၆ ရက်နေ့နံနက်တွင် ကျင်းပသည့် တက္ကသိုလ်များတွင် စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ''ယခုအခါ စာသင်ကျောင်းများ ပိတ်ထားရမှုကြောင့်ကျောင်း သား၊ ကျောင်းသူများ၊မိဘများအနေဖြင့် နစ်နာမှုများရှိသကဲ့သို့ နိုင်ငံအတွက်လည်း နစ်နာရမှုများ ရှိကြောင်း၊ ထို့ကြောင့်ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများနှင့့်် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း''မှာကြားခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ တပ်မတော်သားများ အနေဖြင့် ကျောင်းများအတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကလေးများ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ဆေးများ ဖျန်းခြင်း၊ ပျက်စီးနေသော ပရိဘောဂများ ပြင်ဆင်ပေးခြင်းများကို ဆောင်ရွက်ထားပြီး ဖြစ်သည်။ အချို့သောနေရာများတွင် ပညာသင်ကြားရေး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် တပ်မတော်မှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပညာတတ်များ ပေါများရန် လိုအပ်သည်။ သို့မှသာ သက်ဆိုင်ရာ ဒေသများ တိုးတက်မည်။ ဒေသတိုးတက်မှသာ အသိပညာများ တိုးတက်ကောင်းမွန်လာမည်။ အသိပညာများ ကောင်းမွန်မှသာ တွေးခေါ်မြော်မြင်မှုများ ကောင်းမွဣ်လာပေမည်။ နေခြည်မှာ ရွှေရည်လောင်း တို့များစာသင်ကျောင်း စာဆိုနှင့်အညီ ယခုအခါ ကျောင်းများ ဖွင့်လှစ်တော့မည်ဟူသော သတင်းစကားသည် မိဘပြည်သူ ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။