နေပြည်တော် သြဂုတ် ၂၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသည့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Myanmar Golden Produce Co.,Ltd. ၏ ပြည်တွင်းထွက် သစ်သီး ဝလံနှင့်သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ကုမ္ပဏီ၏မန်နေးဂျင်း ဒါရိုက်တာဒေါ်နှောင်းနှောင်းဝင်းက တန်ဖိုး မြှင့်ထုတ်ကုန်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းရောင်းချမှု၊ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစပါးများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်း၊ အထွက်တိုးစပါးမျိုးစေ့ ထုတ်လုပ်၍ ပြည်တွင်းဖြန့်ချိရောင်းချခြင်း၊ ပြည်တွင်းစပါးမျိုးများကိုမျိုးမြှင့်တင်၍ မျိုးစေ့ ထုတ်လုပ်ခြင်းနှင့် ပြည်ပတွင် ဈေးကွက်ဝင်သည့် စပါးများစိုက်ပျိုးထုတ်လုပ်၍ ဆန်ကြိတ်ခွဲပြီး ပြည်ပတင်ပို့သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် MAYLP Agriculture Co., Ltd. သို့ ရောက်ရှိပြီး ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးလင်းထွန်းက နေပြည်တော်ဒေသအနီးတစ်ဝိုက်ရှိ မြို့နယ်များတွင် တောင်သူလယ်သမားများနှင့် အကျိုးတူပူးပေါင်း၍ ကန်ထရိုက် လယ်ယာ စနစ်ဖြင့် ဆောင်ရွက်နေမှု၊ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု၊ ကြုံတွေ့ နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်သူ လယ်သမားများနှင့် ကန်ထရိုက်လယ်ယာ စနစ်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပ ဈေးကွက်ဝယ်လိုအား ကောင်းမွန်သော ပြည်တွင်းစပါးမျိုးများ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုဆွေးနွေးပြီး ကုမ္ပဏီမှတင်ပြလာသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကျီအင်းကျေးရွာအုပ်စုရှိ နေပြည်တော် တစ်ဝိုက်မြို့နယ် အသီးသီးမှ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်၍ ဟင်းသီးဟင်းရွက် အေးခဲထုတ် လုပ်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co.,Ltd. သို့ရောက်ရှိပြီး ကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်မောင်က လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)