နေပြည်တော်၊ ဒက္ခိဏခရိုင်၊ သပြေကုန်းလမ်းဆုံအနီး ဖေဖော်ဝါရီ ၉ ရက်တွင် ဖြစ်ပွားခဲ့သော ဆူပူဆန္ဒပြမှုဖြစ်စဉ်၌ အမျိုးသမီးတစ်ဦး ဦးခေါင်းသေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေး တွေ့ရှိချက်

နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့မှစ၍ ဆူပူဆန္ဒပြသူများသည် ဝန်ထမ်းများ  ရုံးမတက်နိုင်စေရန်  ရည်ရွယ်၍ အချက်အချာကျသည့် သပြေကုန်းလမ်းဆုံ အဝိုင်းတွင်   ပိတ်ဆို့ရန် ဆောင်ရွက်လာသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူပြီး ရုံးတက်/ရုံးဆင်း ယာဉ်များအား ချောမွေ့စွာ သွားလာနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ဆူပူဆန္ဒပြသူများသည်  နံနက်(၆)နာရီခန့်မှစတင်၍   သပြေကုန်းအဝိုင်းသို့ စုဝေးရောက်ရှိခဲ့ပြီး တဖြည်းဖြည်း များပြားလာကာ  ဝန်ထမ်းကြို/ပို့ယာဉ်များ အပအဝင်  အများပြည်သူတို့၏ ယာဉ်များကိုလည်း သွားလာ၍မရအောင် လမ်းပိတ်ဆို့ မှုများ ပြုလုပ်ခဲ့သဖြင့်  သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီးဖြစ်သဖြင့် ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေး ဖြစ်သည့်အတွက်   လူစုခွဲရန်၊ လူစုမခွဲပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊  ၁၂၈  တို့အရ  ဥပဒေနှင့်အညီ အင်အားသုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းကြေညာခဲ့ပါသည်။

နံနက် ဝ၉ဝဝ အချိန်တွင် လူအင်အား ၅ဝဝဝ ကျော်ခန့်ဖြစ်ပေါ်လာ၍ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့ပါသော  ဖြေလျော့ရေး အဖွဲ့မှ လူစုလူဝေးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ဖြစ်၍ လူ ၅ ဦးထက် ပိုစုဝေး၍မရပါကြောင်း၊ နေအိမ်သို့ပြန်ကြရန်  ဖြေလျော့ ဆွေးနွေးခဲ့သော်လည်း လက်မခံဘဲ လူအုပ်စုထဲမှ လက်ကိုင်ဖုန်း၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ကြပါသည်။

နံနက် ၁ဝဝဝ အချိန်တွင် လူအင်အား ၁ဝဝဝဝ ခန့်ရှိလာပြီး ဥပဒေနှင့် ဆန့်ကျင်သော ဆန္ဒပြလူအုပ်စုအား လူစုခွဲရန် လုံခြုံရေးရဲတပ်ဖွဲ့က ရေအမြောက်ယာဉ် အသုံးပြု လူစုခွဲခဲ့သော်လည်း လူစုခွဲထွက်ခွာခြင်း မရှိဘဲ  ဆက်လက် စုဝေးနေပါသည်။ နေ့လယ် ၁၂၅ဝ အချိန်တွင် ဥပဒေနှင့်ဆန့်ကျင်သော လူအုပ်စုအတွင်း ဝင်ရောက်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆန္ဒပြနေခဲ့ပါသည်။ နေ့လယ် ၁၃၁၅ အချိန်တွင် အဆိုပါ တပ်ဖွဲ့ဝင်အား ပြန်လည်ခေါ်ဆောင်ရန် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လက်နက်မပါ လူ ၃၅ ဦးစုဖွဲ့၍တုတ်ဒိုင်းများကာရံပြီး လူအုပ်စုအတွင်း ဝင်ရောက်ခဲ့စဉ် ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးမှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ရှေ့၊ ဘေးဘယ်ညာတို့မှ သံလုံး၊ မူလီခေါင်း၊ ရေပိုက်ခေါင်း၊ ကျောက်စရစ်ခဲလုံးကြီးများ၊ အုတ်ခဲကျိုးများ၊ တုတ်များ၊ ပုလင်းများဖြင့် ပစ်ခတ်၍ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်ကို ထိခိုက်စေလောက်အောင်    အကြမ်းဖက် ဆောင်ရွက်မှုများပြုလုပ်လာခဲ့ပါသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှာ   ထိခိုက်ဒဏ်ရာ ရရှိမှုများပြားလာသဖြင့်   ဆန္ဒပြ ရဲတပ်ဖွဲ့ဝင်အား ခေါ်ဆောင်နိုင်ခြင်း မရှိဘဲ မိမိတို့မူလ လုံခြုံရေးရယူထားသည့်နေရာသို့ ရေအမြောက်ယာဉ် ၂ စီး ဘေးဘယ်ညာမှ ကာရံပြီး   ပြန်လည်ဆုတ်ခွာ နေရာယူခဲ့ပါသည်။   ထိုအချိန်တွင်  လူအုပ်စုကြီးမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လာပြီး     တပ်ဖွဲ့ဝင်များနောက် ထက်ကြပ်မကွာလိုက်၍ သံလုံး၊ မူလီခေါင်း၊ ရေပိုက်ခေါင်း၊ ကျောက်စရစ်ခဲလုံးကြီးများ၊ အုတ်ခဲကျိုးများ၊ တုတ်များ၊ ပုလင်းများဖြင့် ပစ်ခတ်ခဲ့ပါသည်။ အဆိုပါ အခြေအနေတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ မိမိတို့၏အသက်အန္တရာယ်နှင့် တပ်ဖွဲ့ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် အဓိကရုဏ်း နှိမ်နင်းရေးသုံး လက်နက်များဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပါသည်။

အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂၈ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ပိုင် ယာဉ်များနှင့် အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။    ဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက် လူအုပ်စုအတွင်းမှ အမျိုးသမီး တစ်ဦး ဦးခေါင်းသေနတ်ထိမှန် ဒဏ်ရာဖြင့် နေပြည်တော်ခုတင်  ၁ဝဝဝ  ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူအမျိုးသမီး   မမြသွဲ့သွဲ့ခိုင် ဦးခေါင်း၌ ဒဏ်ရာရ သေဆုံးမှုနှင့် ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်နေ့က လူစုလူဝေးဖြစ်ပေါ်မှု မှတ်တမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လူစုခွဲ ဆောင်ရွက်စဉ် ရိုက်ကူးထားသော မှတ်တမ်းတင်ဗီဒီယိုများကို  ပြန်လည်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသမီးသည်    ဥပဒေနှင့်ဆန့်ကျင်၍ ဆူပူအကြမ်းဖက်သည့် လူစုလူဝေးတွင်ပါဝင်ပြီး ၎င်းကိုယ်တိုင်ကလည်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များထံသို့   ခဲဖြင့်ပစ်ပေါက်မှု ပြုလုပ်နေသည်ကို   တွေ့ရှိခဲ့ရပါသည်။

သေဆုံးသူ မမြသွဲ့သွဲ့ခိုင်အား ၁၉-၂-၂ဝ၂၁  ရက်နေ့  ရင်ခွဲစစ်ဆေးချက်အရ မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းတွင် တွေ့ရှိသော ပစ္စည်းမှာ အလျား 1 cm၊ အနံ 0.8 cmအလေးချိန် 4.8 g ရှိသော  ခဲပုပ်ရောင် သတ္တုအပိုင်းအစဖြစ်ကြောင်း   သိရှိရပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ကိုင်ဆောင် အသုံးပြုနေသည့် အဓိကရုဏ်းနှိမ်နင်းရေး ခဲယမ်းများ၊ ခြေမှုန်းရေး ခဲယမ်းများ၏ ကျည်ထိပ်ဖူးနှင့် ကွာခြားမှု ရှိနေပြီး  အခြားပြင်ပမှ အသုံးပြုသည့်    လက်နက်တစ်စုံတစ်ရာကြောင့် ဒဏ်ရာရရှိ သေဆုံးခဲ့ရခြင်း ဖြစ်နိုင်ကြောင်း သိရှိရပါသည်။   အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မ ရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။