နေလှန်းဆားရာသီ၌ ဆားဈေးနှုန်းများကျဆင်းနေသဖြင့် တောင်သူများအခက်ကြုံ

ဟိုင်းကြီးကျွန်း၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ ဒေသထွက်ကုန်တစ်မျိုးဖြစ်သော နေလှန်းဆားလုပ်ငန်းမှ ဆားများထွက်ရှိနေပြီဖြစ်သော်လည်း ဈေးကွက်အနေအထားအရ ဆားဈေးနှုန်းများ ကျဆင်းနေသောကြောင့် ဆားတောင်သူများမှာ အခက်ကြုံလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဟိုင်းကြီးကျွန်းမြို့ မဲခရဲဆားတိုက်နယ်မှာ ဇန်နဝါရီလမှစ၍ ဆားစတင်ထွက်ရှိပါတယ်။  ဆားဈေးက ရာသီဥတုအပေါ်တွင် အခြေခံတာဆိုပေမယ့် အရင်နှစ်ကတော့ ဆားကုန်ကြမ်းအသုံးပြုတဲ့ လုပ်ငန်းတွေကို ရိုက်ခတ်လာတဲ့အတွက် ဆားဈေးနှုန်းတွေကျဆင်းခဲ့တယ်။ ယခုနှစ်မှာလည်း ဆားကုန်သည် တွေဆီမှာ လက်ကျန်ဆားတွေရှိနေတဲ့အတွက် ဈေးနှုန်းကမနှစ်ကအတိုင်းပဲ အတက်အကျသိပ်မရှိဘူး။ ဒီနှစ်က ကျွန်တော်တို့ ဆားတိုက်နယ်မှာက ရာနှုန်းပြည့်မလုပ်ကြဘူး။ ရာနှုန်းပြည့်မလုပ်တဲ့ အကြောင်း အရင်းကတော့ ဆားဈေးကျနေတာရယ် ဆားကွင်းစဖို့အတွက် ငွေကြေးအခက်အခဲတွေကြောင့်ပါ။ လက်ရှိ ဆားဈေးက တစ်ပိဿာကို  ငွေကျပ် ၅၀ ဝန်းကျင်သာရှိပါတယ်၊၊ ဈေးတည်ငြိမ်မှုမရှိရင်တော့ လုပ်ငန်းရှင်တွေ အနေနဲ့ ရေရှည်မှာရပ်တည်ဖို့မလွယ်ဘူး” ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မဲခရဲဆားတိုက်နယ်တွင် နေလှန်းဆားလုပ်ငန်းကို  အောက်တိုဘာလမှ  မေလအထိ လုပ်ကိုင်ကြသည်။ ဆား ဈေးနှုန်းများမှာလည်း  ရာသီဥတုကိုလိုက်၍  ဈေးနှုန်းအတက်အကျရှိပြီး နေလှန်းဆားရာသီ၌ ဆားဈေးနှုန်း များကျဆင်းနေသဖြင့်  တောင်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။                        

 (၄၀၇)