ပညာရေးဘွဲ့(B.Ed) သင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖြင့် နိုင်ငံစီးပွားရေး အထောက်အကူပြုနိုင်ရေး အစည်းအဝေး ကျင်းပ

နေပြည်တော်  ဇွန်  ၁ဝ

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ပညာရေးဘွဲ့(B.Ed )မရရှိသေးသော သင်ကြားရေး ဆရာ၊ ဆရာမများအတွက် ပညာရေးဘွဲ့(B.Ed)သင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရေးဖြေစာမေးပွဲများဖြင့် ရွေးချယ် တက်ရောက်စေခဲ့ သော်လည်း နှစ်စဉ် သင်တန်းသားဦးရေ ၃ဝဝဝ ခန့်သာ  တက်ရောက်ခွင့်ရသဖြင့် ပညာရေးဘွဲ့(B.Ed)   မရသေးသော အခြေခံပညာဦးစီးဌာနမှ  သင်ကြားရေး ဆရာ၊ ဆရာမများအတွက် တက်ရောက်ခွင့်ရ ဦးရေမှာ အလွန်နည်းပါးနေသည်ကို စိစစ် တွေ့ရှိရကြောင်း၊ အခြေခံပညာ ဆရာ၊ဆရာမများ အနေဖြင့် B.Ed သင်တန်း တက်ရောက်ခွင့် ရရှိပါက  ပညာရေး သင်ပြနည်းစနစ်များ၊ ပညာရေး သဘောတရားနှင့် ပညာရေး စိတ်ပညာတို့အပြင် သက်ဆိုင်ရာ အထူးပြုဘာသာရပ် သင်ပြနည်းများကို မိမိအတွေ့အကြုံနှင့် ပေါင်းစပ်၍လေ့လာကာ မိမိ၏ အရည်အသွေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ပညာရေး ဒီဂရီကောလိပ်များတွင် အခြေခံပညာ ဆရာ၊ ဆရာမများအတွက် ပညာရေးဘွဲ့(B.Ed )သင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားကြသည်။

ယင်းနောက် ဆွေးနွေးပွဲကို   အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက နိုင်ငံစီးပွားရေး အထောက်အကူပြုနိုင်ရေးအစည်းအဝေးကို ဆက်လက်တက်ရောက်ကာ အသုံးချ သုတေသနဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေကာ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၏ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်းနှင့်  အမျိုးသားဓာတ်ခွဲခန်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရွန်နစ် နည်းပညာသုတေသန ဗဟိုဌာန၊ အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ ဓာတုနည်းပညာ သုတေသန ဗဟိုဌာနအောက်ရှိ ပရဆေး သုတေသနဌာန၊ လက်တွေ့ဓာတုဗေဒ သုတေသနဌာနနှင့်   အစားအစာ သုတေသနဌာနတို့မှ ဌာနမှူးများက မိမိတို့ ဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများကို Powerpoint ဖြင့်ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကို ပညာရေးမြို့တော်အဖြစ် တည်ဆောက်ရာတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းများက တစ်ထောင့်တစ်နေရာမှ ပါဝင်ကာ နိုင်ငံစီးပွားရေး အထောက်အကူပြုစေရေး၊  နည်းပညာ တတ်ကျွမ်းမှု သုတေသနအဆင့်တွင် ရပ်မနေဘဲ   နိုင်ငံအတွက်  အဖိုးတန်သည့်    တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေး အဆင့်အထိ တက်လှမ်းနိုင်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  နိုင်ငံတော်က လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်   တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။