ပလတ်ခုံဝါယာကြိုးအပူလွန်ကဲရာက နေအိမ်မီးလောင်မှုဖြစ်ပွား

 

မြစ်ကြီးနား၊ မီးလောင်မှု

ကချင်ပြည်နယ်   မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်၌ ဇန်နဝါရီ ၈ ရက် ည ၁၀ နာရီ  ၅၃ မိနစ်တွင် ပလတ်ခုံဝါယာကြိုးအပူလွန်ကဲရာက နေအိမ် မီးလောင်မှုဖြစ်ပွားကြောင်း  သိရသည်။

ဖြစ်စဉ်မှာ  မြစ်ကြီးနားမြို့နယ်  ရမ်ပူရပ်ကွက်   နယ်မြေ(၁၃)  နေအိမ်ပိုင်ရှင် ဦးချစ်သဲ၏ ပေ ၄၀ x ပေ ၂၀ သွပ်မိုး၊ ထရံကာ၊  ငါးခန်းတွဲတစ်ထပ် အခန်းအမှတ်(၁)၌  အသုံးပြုထားသော    ပလတ်ခုံဝါယာကြိုး အပူလွန်ကဲရာက အနီးရှိထရံသို့ကူးစက်၍ လောင်ကျွမ်းရာ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးသက်ထွဋ် ဦးစီးသည့်    မီးသတ်တပ်ဖွဲ့ဝင်များသည်  မီးငြှိမ်းသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့်   သွားရောက်ငြှိမ်းသတ်ကြသည်။

မီးလောင်မှုကြောင့် ပေ ၄၀ x ပေ၂၀  သွပ်မိုး၊ ထရံကာ ငါးခန်းတွဲ တစ်ထပ်နေအိမ် တစ်လုံး၊ ပေ ၂၀ x ပေ၂၀ သွပ်မိုး၊ ထရံကာ  နှစ်ထပ်နေအိမ်တစ်လုံး၊ ဆိုင်ကယ်ငါးစီး  မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲရာက မီးလောင်မှုဖြစ်ပွားစေသူ အိမ်ငှားဖြစ်သူ    ဦးကျော်မင်းနိုင်အား မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းက (ပ)- ၁၁/၂၈၅/၂၀၂၁ ဖြင့်  အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။