နေပြည်တော် မတ် ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေ မန်နေဂျာများ၊ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးကို မတ် ၂၄ ရက် နံနက် ၈ နာရီခွဲ တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများ၊ ဒုတိယ အထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထား တိုင်း (၁၁)တိုင်းမှ တိုင်းတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့မီးရထား တိုင်း (၁၁)တိုင်းမှ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံမိတ်ဆက်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထား ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို လိုက်နာပြီး မှန်ကန်သော စိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး ရထားလမ်းပိုင်း အသီးသီး၌ ရထားများ အမြန်ဆုံး ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး အစီအစဉ်အရ တိုင်း(၁)မှ တိုင်း(၁၁)ထိ တိုင်းတာဝန်ခံများက မိမိတို့တိုင်းအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တိုင်းတာဝန်ခံများ၏ တင်ပြချက်များအပေါ် အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)တို့မှ ဖြည့်စွက်တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဖြည့်စွက်မှာကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြန်မာ့မီးရထား၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများ၊ ဒုတိယအထွေထွေ မန်နေဂျာများက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါဆွေးနွေးချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးများက ဖြည့်စွက် တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိရထား ပြေးဆွဲချိန်များတွင် ရထားလမ်းများကို မသမာသူများက အတားအဆီး ချထားခြင်း၊ သံလမ်းများ ဖြုတ်ထားခြင်း၊ ကွန်ကရစ်ဇလီဖားတုံး ကလစ်များဖြုတ်ထားခြင်း၊ သံလမ်းဆက်များ ဖြုတ်ထားခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရထား သံလမ်းလုံခြုံရေး အတွက် သက်ဆိုင်ရာဌာနများက လုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရထားလမ်းပိုင်းများတွင် ရထားများ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။