ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ်  ၂၇၄/၂ဝ၂၁

၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်  ၉  ရက်

(၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ  ၃  ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်  လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (Coronavirus Disease 2019-  COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ်အချို့တွင်  COVID-19 ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိရမှု များပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက် ရှိပါသဖြင့် အဆိုပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။  သို့ဖြစ်ပါ၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။ 

၃။  အဆိုပါမြို့နယ်များရှိ  နေအိမ်တွင် နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -

  (က) မိမိနေအိမ်တွင်သာ နေထိုင်ရန် -

(၁)     အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ၊

(၂)     ပုဂ္ဂလိကလုပ်ငန်းများ ဖြစ်သည့် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ် ဆောင်ရွက်ရသည့်လုပ်ငန်းများ၌ မဖြစ်မနေ တာဝန်ထမ်းဆောင်သူများ မပါ၊

          (၃)  Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေ  ရသည့် လုပ်ငန်းများ ဖြစ်သော လေကြောင်းလိုင်းများ။ အထွေထွေလေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ၊    မြေပြင် ဝန်ဆောင်မှု လုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/ တင်ပို့ခြင်း     လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှု လုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊     အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းမွမ်းမံခြင်း လုပ်ငန်းမှ ဝန်ထမ်းများ မပါ၊

          (၄) ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောများ အတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိက ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေ     ကိုယ်စားလှယ်ရုံးများ၊ ပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Inland Container Depot) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ အေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော် ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/ သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ် လုပ်ငန်းများ၊

              ကုန်းတွင်း ကုန်သေတ္တာစခန်းများ (Inland Container Depot)) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ        ဝန်ထမ်းများမပါ၊

(၅)    ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီ ဖုန်းရောင်းချခြင်း၊ ဒေတာ ရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုက်ဘာပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းမှ ဝန်ထမ်းများမပါ၊

(ခ)     ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများ အနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန်၊

(ဂ)    အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊

(ဃ)   မဖြစ်မနေ ဈေးဝယ်ထွက်ရန် အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(င)     ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊

(စ)    နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း ((Mask)တပ်ရန်၊

(ဆ)   တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်  ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကို ရပ်ကွက်ကျော်လွန် သွားလာခွင့် ပြုရန်၊

(ဇ)    ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်း     အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

(ဈ)    အဆိုပါမြို့နယ်များမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။

၄။      အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င)နှင့် (ဇ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့သည်  တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။      ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မည် ဖြစ်သည်။

၆။      ဤအမိန့်သည် ၄-၇-၂ဝ၂၁ ရက်၊ နံနက် ဝ၄ဝဝ နာရီအချိန်မှ စတင်သက်ရောက်သည်။

  ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး