ပြင်သစ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ အင်ဒို-ပစိဖိတ် ဒေသအတွင်း နှစ်နိုင်ငံလက်တွဲ ပူးပေါင်းရန် ကတိပြု

ပြင်သစ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ အင်ဒို-ပစိဖိတ် ဒေသအတွင်း နှစ်နိုင်ငံလက်တွဲ ပူးပေါင်းရန် ကတိပြု

ပြင်သစ်အစိုးရသည်  သြစတြေးလျ၊ အမေရိကန်တို့နှင့်   ဆက်ဆံရေး တင်းမာနေစဉ်    ပြင်သစ်သမ္မတ အမ်မန်နျူယယ် မက်ခရွန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့က  အင်ဒို-ပစိဖိတ်ဒေသအတွင်း နှစ်နိုင်ငံ လက်တွဲပူးပေါင်းရန် စက်တင်ဘာ ၂၁ ရက်တွင် ကတိပြုကြောင်း  သိရသည်။

သြစတြေးလျအစိုးရသည် အမေရိကန်၊ ဗြိတိန်တို့နှင့်   ကာကွယ်ရေး မဟာမိတ် သဘောတူညီချက်အရ   အမေရိကန်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ငှားရမ်းရန် သို့မဟုတ် ဝယ်ယူရန် ပြင်သစ်နှင့် ချုပ်ဆိုထားသော ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူစာချုပ်ကို ဖျက်သိမ်းပြီးနောက် ပြင်သစ်နှင့်အိန္ဒိယ ခေါင်းဆောင်တို့၏ ကတိပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် တယ်လီဖုန်းဖြင့် ဆွေးနွေးမှုအတွင်း ထိုကဲ့သို့ ကတိပြုခြင်းဖြစ်ကာ ပြင်သစ်အနေဖြင့်   ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုကို အခြေခံသော ရင်းနှီးသည့် ဆက်ဆံရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယ၏  မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို    ပိုမိုခိုင်မာစေရန်  ဆက်လက်အားဖြည့် ပေးသွားမည်ဟု  မက်ခရွန်က ပြောသည်။

ပြင်သစ်နှင့်အိန္ဒိယတို့၏ တူညီသော ရည်မှန်းချက်သည်  ဗိုလ်ကျအနိုင်ကျင့်မှု အတွက်မဟုတ်ဘဲ ဒေသတွင်း တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေးကို   အားပေးမြှင့်တင်ရန်သာ ရည်ရွယ်ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ထားသည်။

မက်ခရွန်နှင့်မိုဒီတို့၏ ဆွေးနွေးမှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် မက်ခရွန်တို့ကြား ဆွေးနွေးမှုမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့်   မက်ခရွန်နှင့် ဆွေးနွေးရန် တောင်းဆိုထားသော်လည်း  ဆွေးနွေးမည့်ရက်ကို  သတ်မှတ်ရခြင်း မရှိသေးကြောင်း သိရသည်။