ကော်ဖီစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ မိုးမိထားသည့် ကော်ဖီသီးများ စတင်ထွက်ရှိနေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၏ ပြောပြချက်အရ သိရသည်။
တစ်နိုင်ငံလုံး၌ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကုန်အထိ ကော်ဖီသီးခူးဆွတ် လေ့ရှိပြီး မတ်လကုန်တွင် လုပ်ငန်းများ သိမ်းလေ့ရှိကြောင်း၊ လတ်တလောတွင် မိုးရာသီသီးများဖြစ်သည့် မိုးမိထားသည့် ကော်ဖီသီးများကို ခူးဆွတ်နေကြောင်း သိရသည်။
““ဒီဇင်ဘာလဆိုရင် ရင့်မှည့်တဲ့အသီးတွေ၊ မိုးကြောင့် ရေထိပြီး စောမှည့်တဲ့ ကော်ဖီသီးတွေကို စတင်ခူးနေပါပြီ။ နိုဝင်ဘာ တတိယပတ်လောက်က စခူးနေတာပါ””ဟု ဦးမြင့်ဆွေက ပြောသည်။
ကော်ဖီသီးမှည့် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ နှင့် ၆၀၀ ဝန်းကျင်အထိသာရရှိပြီး ယမန်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ ဝန်းကျင်အထိ ရရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဒုတိယဥက္ကဌဦးမင်းလှိုင်ကပြောသည်။
““အခု ကော်ဖီသီးထွက်တဲ့ခြံက ထွက်နေပြီ။ မထွက်တဲ့ခြံက မထွက်သေးဘူး။ ပြင်ဦးလွင်က စထွက်နေပြီ။ ရွာငံဘက်က နည်းနည်းအေးတော့ မထွက်သေးဘူး”” ဟု ဦးမင်းလှိုင်က ပြောသည်။
ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ရှမ်း ပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မန္တလေးတိုင်း ဒေသကြီး မိုးကုတ် စသည့်မြို့နယ်တို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ ကျော်တွင်ရှိသည့်အတွက် အထွက်နောက်ကျပြီး ဒီဇင်ဘာလကုန်ခန့်မှသာ စတင်ခူးဆွတ်လေ့ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ကော်ဖီစိုက်ဧက ၅၀၀၀၀ ကျော်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့၌ အများဆုံး စိုက်ပျိုးကြောင်း သိရသည်။