ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ ဝန်ဆောင်မှုလုပ်ငန်း ၁၁ ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်၊ စီးပွားရေး

ရန်ကုန်တိုင်းဒေသကြီး   သာကေတ မြို့နယ်ရှိ    ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ ဝန်ဆောင်မှုလုပ်ငန်း ၁၁ ခုကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ  ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်   စက်ဘီးငှားရမ်းခြင်းလုပ်ငန်းနှစ်ခု၊ ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်း တစ်ခုနှင့် သန့်စင်ခန်းအသုံးပြုခကောက်ခံခြင်းလုပ်ငန်းရှစ်ခု စုစုပေါင်းလုပ်ငန်း ၁၁ခု ပါဝင်သည်။

ယခင်က လုပ်ငန်းရှင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လုပ်ငန်းရှင်များအား  အိတ်ပိတ်တင်ဒါစနစ်ဖြင့် ရွေးချယ်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်များ ချထားပေးမည်ဖြစ်သည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ကာလမှာ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ဖြစ်သော ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိဖြစ်သည်။

ယခုအခါ တင်ဒါလျှောက်လွှာများကို  ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ရောင်းချပေးနေပြီဖြစ်ရာ စက်တင်ဘာ ၂၀  ရက်အထိ  လာရောက်ဝယ်ယူနိုင်ကြောင်းနှင့်   စက်တင်ဘာ  ၂၁  ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ အစည်းအဝေးခန်းမ၌ တင်ဒါ ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး