ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၄

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးက တက်ရောက်၍ လုပ်ငန်းဆိုင်ရာများ  လမ်းညွှန်ဆွေးနွေး မှာကြားသည်။

ထိုသို့မှာကြားရာ၌ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တပ်မတော်က တာဝန်ယူပြီးနောက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အရှိန်အဟုန်မပြတ် ဆက် လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 တားဆီးကာကွယ်ရေးတွင်လည်း တည်ဆဲအမိန့်၊ ညွှန်ကြားချက်များ အတိုင်း ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲရဲဝံ့ဝံ့တင်ပြ၍ ဆုံးဖြတ်ချက်များ မြန်မြန်ဆန်ဆန် ချမှတ်ဆောင်ရွက်ကြရန် လမ်းညွှန်ထားကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ချမှတ်ထားသော မဟာဗျူဟာနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း ဆက် လက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနရှိလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဦးစီးဌာနများမှညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။