နေပြည်တော် ဇွန် ၂၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဇွန် ၂၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ(အင်းစိန်)၊ လေကြောင်း ပညာသိပ္ပံနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ရောက်ရှိပြီး စက်ရုံမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြို့ပတ် ရထားများပြေးဆွဲပေးခြင်းဖြင့် ရန်ကုန်မြို့ နေပြည်သူများ သက်သောင့်သက်သာ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်၍ ရထားများပုံမှန်ပြေးဆွဲနိုင်ရေးနှင့် ခေါက်ရေတိုး တက်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊ ယခင်က မြို့ပတ်ရထား ပြေးဆွဲမှုရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် လက်ဝဲရစ်၊ လက်ယာရစ် လမ်းကြောင်းနှစ်ခုကို ပြန်လည်ပြေးဆွဲ ပေးနိုင်ပြီဖြစ်ကြောင်း၊ ဌာနအကြီးအကဲများ အနေဖြင့် မြို့ပတ်ရထားများ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြား ကာ စက်ရုံမှအရာထမ်း၊ အမှုထမ်းများအားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့ပတ်ဒီဇယ်စက်ခေါင်း စက်ရုံတိုးချဲ့တည်ဆောက်ရေး စီမံကိန်းတာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။ ထို့နောက်မြို့ပတ်ရထားလမ်းတွင် အသစ်ပြေး ဆွဲမည့် DEMU ရထားတွဲဆိုင်းအသစ်နှင့် လက်ရှိပြေးဆွဲနေသည့် RBE ရထားတွဲဆိုင်းများကို ကြည့်ရှုစစ် ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းပညာသိပ္ပံသို့ရောက်ရှိရာ ဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက လေကြောင်းပညာသိပ္ပံ၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ ဖွင့်လှစ်ခဲ့သော သင်တန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အနာဂတ်ကာလဆောင်ရွက်မည့် အစီအမံများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ထို့နောက် ခန်းမဆောင်တွင် သင်ကြားရေး နှင့်နည်းပညာအကူပေးရေးဌာနများမှ ဌာနမှူးများ၊ ကထိကများ၊ နည်းပြများ၊ အုပ်ချုပ်စီမံဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လေ့ကျင့်သင်ကြားပေးမှု ကောင်းမွန်မှသာ လက်တွေ့နယ်ပယ်တွင် လုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးရန်၊ သင်ရိုးဇယားများ ခေတ်နှင့်လျော်ညီစွာ ရေးဆွဲသင်ကြားပေးရန်နှင့် သင်ကြားရေးအထောက်အကူပစ္စည်းများ ကောင်းမွန် ပြည့်စုံမှုရှိရန်၊ ဘာသာရပ်မျိုးစုံ သင်ကြားပေးရသည်ဖြစ်၍ နည်းပြများပြည့်စုံစွာဖြင့် လေ့ကျင့်သင်ကြား ပေးနိုင်ရေးဆောင်ရွက်ရန်၊ ဌာနအကြီးအကဲများအနေဖြင့် မိမိလက်အောက်ဝန်ထမ်းများကို လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေများကို နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့်မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားကြရန်မှာကြားပြီး နည်းပြ၊ အရာထမ်း၊ အမှုထမ်းများကို စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် သင်ကြားမှုနှင့် သင်ထောက်ကူပစ္စည်း များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ေရာက်ရှိပြီးလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးဆောင်ရွက်နိုင် သည့်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် လေဆိပ်ဝန်ဆောင်မှုများ ဗဟိုထိန်းချုပ်ရေးခန်းမ Airport Operation Control Centre (AOCC) ၌ တာဝန်ရှိသူက လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ထိန်းချုပ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။ ယင်းနောက် အသစ်ဆောက်လုပ်ပြီးစီး၍ အသုံးပြုနေသော ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal(1) နေရာရှိ Check In, Check Out နေရာများ၊ ခရီးဆောင်အိတ်များ ရွေးယူသည့်နေရာများ၊ ခရီးသည်နား နေခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။