ပြည်ပထောက်ပံ့မှုရရန် တိုင်းပြည်ကိုဖျက်နေသူများ
အဖျက်သမားတို့သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလောက်အောင် အဖျက်လုပ်ငန်းများကို လုပ်ဆောင်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ထိုအဖျက်သမားများကို အုပ်စုလိုက် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိလျက်ရှိသည်။ ဆက်စပ်ဖော်ထုတ် ချက်များအရ ဖမ်းဆီးရမိသောလက်နက်များမှာ လွန်စွာပင် များပြားလှသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများနှင့် လွန်ခဲ့သော လများအတွင်းက မိတ္ထီလာတွင်ဖမ်းဆီးရမိသော လက်နက်များက သက်သေတည်လျက် ရှိသည်။
ယနေ့ဖြစ်ပေါ်နေသည့် NUG၊ CRPH စသည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့် NLD နှင့် NLD ထောက်ခံသူ အစွန်းရောက်အချို့၏ စီစဉ်ညွှန်ကြား အားပေးအားမြှောက် ပြုလုပ်ခဲ့မှုများကြောင့် အကြမ်းဖက် လုပ်ရပ်ကျူးလွန်သူများ၊ နိုင်ငံတော်ကို လက်နက်ကိုင် အကြမ်းဖက်ကျူးလွန်စေရန် အကြမ်းဖက်သင်တန်း စီစဉ်ခဲ့သူများ၊ လက်နက်ခဲယမ်း ထောက်ပံ့ပေးခဲ့ခြင်း ဆောက်ရွက်ခဲ့သူများ၏ ပြောကြားချက်များကို ဇူလိုင် ၁၂ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲတွင် Video File ဖြင့်ပြသသွားခဲ့ သည်။
မန္တလေးတွင်ဖမ်းမိခဲ့သည့် PDF မန္တလေးပြန်ကြားရေး ခေါင်းဆောင်ဝေယံလင်း ခေါ် ထွန်းတောက်နိုင်၏ ပြောဆိုချက်ကိုပြသသည်။ ထွန်းတောက်နိုင်ကို ဇွန်လ ၂၃ ရက်နေ့က သပိတ်ကျင်းမြို့နယ်တွင် လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်တစ်သောင်းခန့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံးနှင့်အခြားဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် အဆိုပါမန္တလေး PDF အဖွဲ့မှ ဒုတိယခေါင်းဆောင် မိုးတိမ် (ခေါ်) ရန်လင်းအောင်၏ ပြောဆိုချက်ကိုပြသသည်။ တတိယအနေဖြင့် ၁၉၈၈ ခုနှစ်က တောခိုခဲ့ပြီး EAOs နယ်မြေတစ်ခုတွင် လူငယ်များကိုသင်တန်းပေးခဲ့သည့် ABSDF အဖွဲ့၊ စစ်ကော်မရှင်အတွင်းရေးမှူးဟောင်း လက်ရှိ UNRA အဖွဲ့စစ်ဦးစီးချုပ် ခင်ကျော်၏ ပြောဆိုချက်များကိုပြသသည်။
ခင်ကျော်ကို မတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ယခင်ကတည်းကဖမ်းဆီးရမိခဲ့သည့် MMA ဖိုးသော် အဖွဲ့၊ မေလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် NLD မှ သိန်းနိုင်အဖွဲ့၊ ညီညီနှင့်အဖွဲ့စသည့် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆက်စပ်သူဖြစ်သည်။ ခင်ကျော်သည် ရန်ကုန်နှင့် အောက်ပိုင်းမှာရှိသည့် GZ များကိုစစ်သင်တန်းပေးခဲ့သူ ဖြစ်သည်။ ခင်ကျော်သည်နှစ်ပေါင်း ၃၃ နှစ်တိုင်တိုင် တည်ဆဲအစိုးရများကိုဆန့်ကျင်ပြီး တောထဲတွင် လက်တွေ့လုပ်ခဲ့သူ ဖြစ်သည်။ သူ့လုပ်ရပ်မှားယွင်းကြောင်း၊ အောင်မြင်မှုမရှိကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အဖျက်လုပ်ရပ်ကို လုပ်မိ၍နောင်တရကြောင်း ဖွင့်ဟဝန်ခံသွားခဲ့သည်။ အထက်တွင်ပြသခဲ့သော ထွန်းတောက်နိုင်နှင့် ရန်လင်းအောင်တို့သည်လည်း သူတို့၏ အကြမ်းဖက်လုပ်ရပ်များမှားယွင်းကြောင်း ဝန်ချတောင်းပန်ပြီး ထိုလုပ်ရပ်မျိုးကို လူငယ်တွေ ရပ်တန်းကရပ်ကြရန် အသိပေးခဲ့သည်။
ထို့နောက် စတုတ္ထအနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက တောခိုခဲ့သည့် UNRA အဖွဲ့က ပြည်ပဆက်ဆံရေး တာဝန်ခံကိုကိုနိုင် ခေါ် ဒေါန၏ပြောကြားချက်ကိုပြသသည်။ ၎င်းသည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။ ၎င်း၏ပြောကြားချက်အရ ကာကွယ်ရေး ဝန်ကြီးဟု အမည်ခံထားသည့် NLD လွှတ်တော်အမတ်ဟောင်း တရားခံပြေး ရည်မွန်သည် ဒေါ်လာ ၉ သန်းရရှိထားကြောင်း၊ ဒေါ်လာ ၄ သန်းကို CDM သမားများကို ထောက်ပံ့ပြီး ၅ သန်းရရှိရန်ရှိကြောင်း ဒေါန၏ ပြောပြချက်အရသိရှိရသည်။ GZ များ၊ တောတွင်းရောက်နေသူများအနေဖြင့် ဘာမျှမရရှိသည်ကို က်တွေ့မြင်တွေ့သူများ၏ ပြောကြားချက်များအရ ကြားသိကြရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် ပြည်သူများ သတင်းမှန် သိရှိစေရန်၊ လူငယ်များလမ်းမှားရောက်ကာ သူတို့၏အနာဂတ် မပျောက်ဆုံး စေရန်၊ အထူးသဖြင့် NLD ပါတီဝင်များနှင့် ၎င်းပါတီကိုထောက်ခံသူများ၏ လိမ်လည် လှည့်ဖြား စည်းရုံးသွေးဆောင်မှုအောက်တွင် တန်ဖိုးရှိသော လူငယ်မောင်မယ်များ အတွေးမြင်မှား ကာလမ်းမှားမရောက်စေရေးအတွက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရှင်းလင်းတင်ပြပေးလျက်ရှိသည်မှာ ဇူလိုင် ၁၂ ရက်နေ့အထိ ၇ ကြိမ်ရှိခဲ့ပြီဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များတွင် ထဲထဲဝင်ဝင်ပတ်သက်မိခဲ့သည့် ခေါင်းဆောင်များ၏ ပြောဆိုချက်များအရ နောက်ကွယ်က အကြောင်းအရာများသည် လူငယ်များ၊ ပြည်သူများ ကို လိမ်လည်လှည့်ဖြားနေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများ အတွက်အလွန် အန္တရာယ်များလှသည်။ အဓိကဖျက်ဆီးနေသူများတွင် မီဒီယာအချို့လည်းပါဝင်နေသည်။ သူတို့သည် သတင်းမှား၊ ထင်မြင်ချက်အမှား၊ အတွေးအမှားများဖြင့် လူငယ်တို့ကို လိမ်လည်နေသည်။ NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် NLD နှင့် NLD ထောက်ခံသူအစွန်းရောက်တို့၏ လုပ်ရပ်များသည် ၎င်းင်းတို့၏လူတစ်စု ဒေါ်လာငွေကြေး ထောက်ပံ့မှုများများ ရရှိရေးအတွက် တိုင်းပြည်ကိုဖျက်နေခြင်းဖြစ်ကြောင်း ရေးသားလိုက် ရပေသည်။