ပြည်သူများကောင်းကျိုး အစဉ်သယ်ပိုးလျက်ရှိ
အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ သြဂုတ် ၁ဝ ရက်)
လွန်ခဲ့သောငါးနှစ်တာ ကာလ နိုင်ငံတော် တာဝန်ကိုယူခဲ့သော အစိုးရတစ်ရပ်၏ ဖြစ်ရပ်များကို အကောင်းအဆိုး မပိုင်းခြားလိုတော့ပါ။ ပြည်သူများအတွက် ဒီမိုကရေစီအစိုးရ စစ်စစ်မဖြစ်ခဲ့သည်ကတော့ ရာနှုန်းပြည့် အမှန်တရားပင်ဖြစ်သည်။ လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စတင်ဖွဲ့စည်းစဉ်ကပင် အရပ်ဘက်စစ်ဘက်မျှတစွာ ဖွဲ့စည်းထားပြီး တိုင်းရင်းသားများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်သည်။ ဘက်မလိုက်တမ်း ကြည့်မည်ဆိုပါက ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် ကောင်းစွာ မြင်နိုင်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ထိန်းသိမ်းသော အစိုးရဖြစ်သော်လည်း ဒီမိုကရေစီကိုပီပြင်စွာ ကျင့်သုံးလျက်ရှိသည်။
နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပုန်ကန်နေသူများနှင့် အနောက်နိုင်ငံအချို့က စစ်အစိုးရအဖြစ် မည်သို့ပင် ပုံဖော်ကာ မလိုမုန်းထား ပြောဆိုနေသော်လည်း လက်တွေ့တွင် ပြည်သူများအပေါ် ရင်ဝယ်သားကဲ့သို့ လွန်စွာ တန်ဖိုးထား စောင့်ရှောက်နေသော အစိုးရဖြစ်သည်။ ဤစကားရပ်ကို အထောက်အထားမဲ့ သုံးစွဲခြင်းမဟုတ်ပါ။ နိုင်ငံတော် တာဝန်ယူသည်နှင့် စတင်လုပ်ဆောင်မှုများကို လေ့လာကြည့်လျှင် သိနိုင်သည်။ ထင်ရှားသော သာဓကမှာ မလေးရှားနိုင်ငံတွင် နှစ်ပေါင်းကြာရှည်စွာဒုက္ခရောက်နေသူများ၊ အိန္ဒိယနိုင်ငံတွင် ဒုက္ခကြုံနေသူများကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် သွားရောက်ကြိုဆို ခေါ်ဆောင်ပေးခဲ့သည်။ ထိုမိသားစုများ၏ ဝမ်းသာ ပျော်ရွှင်ကြည်နူးဖွယ် စကားသံများကိုလည်း တွေ့မြင်ကြားသိ ကြရပြီးဖြစ်သည်။
မလေးရှားနိုင်ငံမှ လူပေါင်း ၁ဝ၈၆ ဦး ပထမအကြိမ် ခေါ်ယူခဲ့ပြီး နောက်ထပ်ခေါ်ယူရန် အစိုးရအနေဖြင့် ဆန္ဒရှိထားသော်လည်း သတင်းအမှားဖြန့်ပြီး မလိုလားသူများက ကန့်ကွက်မှုများ ရှိခဲ့သဖြင့် ဆက်လက်ခေါ်ယူမှု နှောင့်နှေးနေခြင်းဖြစ်သည်။ မလေးရှားတွင် နေထိုင်သူ ဟိန္ဒူဘာသာဝင်တစ်ဦး ကိုယ်တိုင်ဝန်ခံ ပြောကြားသော ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်တွင် ထင်ရှားစွာမြင်တွေ့ရသည်။ သူကိုယ်တိုင်က မြန်မာအစိုးရ၏ ပထမအကြိမ် ခေါ်ယူမှုကို အထင်လွဲခဲ့သော်လည်း မြန်မာအစိုးရ၏ လုပ်ရပ်မှာမှန်ကန်ကြောင်း၊ သူတို့ကန့်ကွက်ခဲ့သော လုပ်ရပ် မှားပါကြောင်း၊ သူတို့ကန့်ကွက်မှုကြောင့် မလေးရှားတွင် ကျန်နေသော မြန်မာတွေဒုက္ခမျိုးစုံနှင့် အချို့ဆိုလျှင် သတ်သေသွားသူများ ရှိကြောင်း ဝန်ခံထားသည်။
လူတိုင်းသည် မှားတတ်ကြပါသည်။ သို့သော် မိမိမှားကြောင်း သိဖို့တော့လိုသည်။ မိမိအမှားကိုမိမိတို့သိမှ မိမိတို့၏ဘဝ နောင်ရေးသာယာပေမည်။ သြဂုတ် ၈ ရက်ထုတ် သတင်းစာများတွင် ရဲစခန်းအသီးသီးတွင် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အပေါ် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူများ၏ အမှုများအတွက် ဥပဒေနှင့်အညီ ပိတ်သိမ်းပေးမှုအခြေအနေ ထုတ်ပြန်ခြင်း သတင်းဖော်ပြထားသည်။ ပြစ်မှုတစ်ခုခုတွင် ကိုယ်တိုင်မပါဝင်ဘဲ စိုးရိမ်စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည် ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဖော်ပြကာ သြဂုတ် ၃ ရက်မှစ၍ နေ့စဉ်ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်ကို ယုံကြည်လက်ခံပြီး မိမိတို့အမှားကို မိမိတို့သိမြင်လာသည်။ နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီဆန်သော လုပ်ဆောင်မှုကိုမြင်တွေ့နေရသည်။ ဒီမိုကရေစီအမည်ခံပြီး အာဏာမရသည်နှင့် အပြစ်မဲ့ ပြည်သူများကို ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊ ရွှေဆိုင်များကို မိုင်းထောင်ဖောက်ခွဲ လုယက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ဖြတ်နေခြင်း၊ အစိုးရပိုင် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အထူးသဖြင့် ကျောင်းများကို မိုင်းထောင်ဖောက်ခွဲမီးရှို့ ဖျက်ဆီးပြီး ဆရာ၊ ဆရာမများကို ရက်စက်စွာ သတ်ဖြတ်နေသည့် စိတ်မချမ်းသာဖွယ်ဖြစ်ရပ်များကို တွေ့မြင်နေရသည်။ ရွံရှာမုန်းတီးစိတ် ဖြစ်လာသည့်အပြင် မိမိတို့ ထောက်ခံမိသည်မှာ မှားလေပြီဟူ၍ သိမြင်လာကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ကြေညာချက်ကိုကြားသိရသည့် သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျန်းမာရေးနှင့် ပညာရေး အစရှိသည့် အလွှာပေါင်းစုံတိမ်းရှောင်နေသူ ၅၃ ဦး ဆက်သွယ်လာခဲ့ပါသည်။
အဆိုပါဆက်သွယ်သူ ၅၃ ဦးနှင့် ပတ်သက်သည့်မှုခင်းများအား တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင် စိစစ်ခဲ့ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဖြေလျှော့ပေးရန် ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူ ၅၃ ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီး ဖြစ်ပါသည်။ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိနေသူများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအပေါ် ယုံကြည်စိတ်ချစွာဖြင့် ထပ်မံဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတော်အစိုးရသည် မိမိနိုင်ငံသားများကို မိမိတို့ တန်ဖိုးထားပါသည်။ ဒီမိုကရေစီနည်းလမ်းများနှင့် အညီ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်သာယာ အေးချမ်းအောင် ဆောင်ရွက်ပေးနေပါသည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်သူများကောင်းကျိုးကို အစဉ်သယ်ပိုးနေသည်မှာ လုပ်ဆောင်ချက်များက သက်သေပြလျက်ရှိကြောင်း ရေးသားလိုက်ရပေသည်။ ။