နေပြည်တော် မေ ၂ဝ
ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂ဝ၂၁)ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၌ ကျင်းပရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် အကန့်အသတ်ရှိသော မိမိတို့နိုင်ငံတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီးလျက် ရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍတွင် တာဝန်ထမ်းဆောင် နေသူများမှာ နိုင်ငံ့ဝန်ထမ်း ကျန်းမာရေး ဝန်ထမ်းများ အများစုပါဝင်နေကြောင်း၊ ယခုအခါ ပြည်သူ့ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဝန်ထမ်း ကျန်းမာရေး ဝန်ထမ်းများနည်းတူ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများတွင် တာဝန်ထမ်း ဆောင်နေသူများကို ဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိက ကျန်းမာရေးဝန် ထမ်းအချို့သာထိုးနှံခဲ့ရပြီး အခြားပုဂ္ဂလိက ဝန်ထမ်းများဖြစ်သည့် ဟိုတယ်များ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ပုဂ္ဂလိကဘဏ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ထိုးနှံပေးခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင် လျှောက်ထားလာမှု၊ ကြီးကြပ်ရေး ကော်မတီအဆင့်ဆင့် ကွင်းဆင်းစစ်ဆေးမည့်ကိစ္စ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းမှု အခြေအနေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင် (ပိတ်သိမ်း)မှုများအား အတည်ပြုမှတ်တမ်း တင်ခြင်းကိစ္စတို့အား ရှင်းလင်းတင်ပြပြီး ဗဟိုအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။