အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်)
စာအုပ်စာစောင်များတွင် အများဆုံး ရေးသားကြသော အကြောင်းအရာမှာ လူတိုင်းစာဖတ်ရေး နှိုးဆော်ချက်များဖြစ်သည်။ အသက်အရွယ်မရွေး စာဖတ်သင့်ကြောင်း ဆောင်းပါးများ အတန်တန် ရေးသားနေကြသော်လည်း ယနေ့ခေတ်တွင် ဝမ်းနည်းဖွယ် အကောင်းဆုံးမှာ စာဖတ်မှု အားနည်းခြင်းပင်ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် အချိန်ကုန်ဖန် များလာသောအခါ လက်တွေ့မြေပြင်စာဖတ်မှု နည်းခဲ့ကြသည်။ မိမိသိရှိထားသော အချက်အလက်များကို မှန်ကန်မှုရှိ၊ မရှိလေ့လာနိုင်စွမ်း မရှိတော့ပေ။
သွေးထိုးလှုံ့ဆော်သူတို့၏ စကားကိုနားယောင်မိသည်။ ယခုရက်ပိုင်းအတွင်း အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေပြီး နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့် ဆောင်ရွက်သူအချို့ လုပ်ဆောင်နေရာတွင် ကျန်းမာရေး ဝန်ထမ်းအချို့နားယောင်၍ လုပ်ငန်းတာဝန် ပျက်ကွက်မှုများဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် အဖျက်သမားတို့၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ခြင်းမပြုဘဲ စောင့်ထိန်းအပ်သော ကတိသစ္စာအရ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရန်သာ ဖြစ်ပေသည်။
တပ်မတော်သည် ပြည်သူများအား လူသားချင်းစာနာစိတ်ဖြင့် ကျန်းမာရေး ချို့ယွင်းသူများရှိပါက တပ်မတော် ဆေးရုံများတွင်ကုသနိုင်ကြောင်း ကြေညာပေးထားပြီး လူနာများကို ပြုစုစောင့်ရှောက် ကုသပေးလျက်ရှိသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၆၂၄၂ ဦး၊ အတွင်းလူနာ ၂၆၉၃ ဦးလွှဲပြောင်းပေးခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများက ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့်လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည်။
လူသားချင်းစာနာစိတ်ဖြင့် ကူညီစောင့်ရှောက်ပေးနေသည်ကို သိရှိလာသဖြင့် ပြင်ပမှ ဆရာဝန်ခြောက်ဦးသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေး လုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းများ ကြားသိရသည်မှာ ဝမ်းသာဖွယ်ဖြစ်သည်။ လူ့ဘဝတွင် အရေးကြီးဆုံးမှာ ကျန်းမာရေးဖြစ်သည်။ ကျန်းမာရေး ကောင်းနေလျှင် မသိသာသော်လည်း ကျန်းမာရေး ချို့ယွင်းမှုနှင့်ကြုံလာသည့်အခါ မိသားစုတိုင်း သောကကြုံရသည်။ ငွေကြေးချမ်းသာသော်လည်း ကုသပေးမည့်သူ မရှိလျှင် ကြီးမားစွာသော အခက်အခဲဖြစ်သည်။ ထိုအခက်အခဲကို တပ်မတော်က ကူညီဖြေရှင်းပေးလိုက်သည်မှာ ပြည်သူ့အတွက် ဖြစ်သည်။
တပ်မတော်ဆေးရုံများတွင် ဆေးကုသခွင့်ရသော လူနာရှင်တို့၏ ဝမ်းသာဖွယ် သတင်းစကားများကို ကြားရသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။''ကျွန်မတို့ လာပြတဲ့အချိန်မှာ ရန်ကုန်ဆေးရုံကြီးက ပေးမဝင်တော့ဘူး။ အပြင်မှာ လူတွေက တန်းစီပြီးစောင့်နေတယ်။ အဲဒါနဲ့ ကျွန်မတို့ နီးစပ်ရာကိုလိုက်ပြတော့ ဗဟိုအမျိုးသမီးဆေးရုံကဆရာဝန်က ဒီ(တပ်မတော်ဆေးရုံ)ကို သွားခိုင်းလို့ လာတာပါ။ ဒီလိုမျိုးလူနာတွေကို လက်ခံပေးတဲ့ အတွက် ကျွန်မတို့က ပိုပြီးကျေးဇူးတင်ပါတယ်။ ဒီအချိန်မှာ လူနာတွေ လက်ခံဖို့ကအဓိကပဲလေ။ ဆရာဝန်တွေ မရှိဘဲနဲ့ လူနာတွေက ဘယ်သူ့ကိုသွားပြရမလဲ။ အခုလိုမျိုး လက်ခံကုသပေးတဲ့အတွက် ဆရာဝန်တွေ အကုန်လုံးကို အထူးကျေးဇူးတင်ပါတယ်''။
တပ်မတော်၏ ဆောင်ရွက်ချက် စေတနာများကြောင့် အနယ်နယ်အရပ်ရပ်ရှိ လူနာများ နေ့စဉ်နေ့တိုင်း တပ်မတော်ဆေးရုံများတွင် ဆေးကုသလျက်ရှိနေသည်။ အချိန်နှင့်အမျှ အသက်လုနေရသော အခြေအနေ ကြုံတွေ့ရသူလူနာများ အတွက် တပ်မတော်ဆေးရုံကိုသာ အချိန်မီရောက်ရှိပါက အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာ ကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ဆက်လက် လှူဒါန်းလျက် ရှိသည်။ အနှစ်ချုပ်ရလျှင် သင့်ကျန်းမာရေးအတွက် တပ်မတော် ရှိနေပါကြောင်း သတင်းကောင်း ဆက်လက် ပါးလိုက်ရပေသည်။ ။