ပြည်သူလူထုပူးပေါင်းအင်အားဖြင့် အောင်မြင်သောခရီးလမ်းသို့

ပြည်သူလူထုပူးပေါင်းအင်အားဖြင့် အောင်မြင်သောခရီးလမ်းသို့

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ  နိုင်ငံတော်တာဝန်များကို  ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေး ကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ကြေညာထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးဆောင်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိတွင် ကိုဗစ်-၁၉ ကို အောင်မြင်စွာထိန်းချုပ်နိုင်ရေးသည် အဓိကဖြစ်နေသည်။ တိုင်းရင်းသားပြည်သူအားလုံး၏ စုပေါင်းညီညွတ်မှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်စွာကျော်ဖြတ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးကိုလည်း အောင်မြင်စွာဆောင်ရွက်သွားမည် ဖြစ်သည်။ ရည်မှန်းချက်တစ်ခုအောင်မြင်ရေးမှာ အောင်မြင်ရမည်ဟူသောယုံကြည်စိတ်သည် အဓိကဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုများကောင်းကျိုးအတွက် ဆောင်ရွက်ချက် မှန်သမျှကို စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ ကြိုးစားမှု၊ လုံ့လ၊ ဝီရိယများဖြင့် လုပ်ဆောင်ပါက အောင်မြင်မှုရရှိမည်သာဖြစ်သည်။ ပြည်သူ့အတွက် မဖြစ်နိုင်သော လုပ်ငန်းဆိုသည်မှာ မရှိနိုင်သည့်အတွက် တကယ်လုပ်ရင်တကယ်ဖြစ်ရပေမည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်သည်  စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်သူများ စတင် တောင်းဆိုခဲ့သော ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အနေဖြင့် အခြေခံမှအစပြုကာ ခိုင်ခိုင်မာမာ တည်ဆောက်ပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲစနစ်သည် ထိုစနစ်၏ အသက်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အာဏာရပါတီသည် ယင်းတို့ပါတီ အလုံးစုံရာနှုန်း ပြည့်မဲရရေးကို  နည်းလမ်းမျိုးစုံသုံးစွဲကာလုပ်ဆောင်ခဲ့သည်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်ကို  စိတ်တိုင်းကျ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာ  တစ်ပါတီတည်းက ရာနှုန်းပြည့်အောင်နိုင်ရေးကို လုပ်ဆောင်ခဲ့သည်။

ကမ္ဘာတွင် မည်သည့်နိုင်ငံတွင်မျှမရှိဘူးသော မဲမသမာမှု စုစုပေါင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့်တစ်သန်းသုံးသိန်းကျော်) လုပ်ဆောင်ခဲ့သည်။ ခိုင်မာလုံလောက်သော အချက်အလက်များနှင့်အတူ စစ်ဆေးတွေ့ရှိထားခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲမစတင်မီတွင်လည်းကောင်း၊ ရွေးကောက်ပွဲအပြီးတွင် လည်းကောင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်မှုနှင့်တရားမျှတမှုမရှိကြောင်း အထောက်အထား များနှင့်အတူ မဲမသမာမှုများရှိကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုခဲ့သည်။ နိုင်ငံရေး ယဉ်ကျေးမှုဖြစ်သော ဆွေးနွေးအဖြေရှာရန် အစိုးရ၊လွှတ်တော်နှင့်တာဝန်ရှိသူများထံ တရားဝင်အသိပေးခြင်း၊ ထုတ်ပြန်ခြင်း၊ သဘောထားတင်ပြခြင်းများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ဒီမိုကရေစီအမည်ခံခဲ့သော်လည်း တစ်ပါတီအာဏာရှင်စနစ်၊ လူတစ်ဦးတည်း အာဏာရှင် စနစ်ကို အသက်သွင်းနေခြင်းဖြစ်ကြောင်း ပေါ်လွင်လှသည်။  မြန်မာ့နိုင်ငံရေးတွင် ရိုးသားဖြောင့်မတ်မှုမရှိသူများမှာ ကျဆုံးသွားရမြဲဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲမသမာမှု မှာ ရိုးရိုးသားသားလုပ်ဆောင်ခြင်းကြောင့် မှားယွင်းသည်ဆိုပါလျှင် တရားဝင် ဖြေရှင်းသင့်သည်။ ဥပဒေနှင့်အညီ ဆောင်ရွက်သက်သေပြနိုင်သော်လည်း မဲမသမာမှုမှာ လွန်စွာကြီးမားလွန်းနေသည့်အတွက် ရှင်းချက်ပင်မပေးနိုင်အောင်ပင် ဖြစ်ခဲ့သည်မှာ ထင်ရှားလှသည်။ မဲမသမာမှုများကို ဖြေရှင်းပေးခြင်းမပြုဘဲ မဲမသမာမှုတွေ့ရှိသော ရွေးကောက်ပွဲရလဒ် ခေါင်းစဉ်ဖြင့် လွှတ်တော်ကို အတင်းခေါ်ယူပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနှင့်ရယူရန် ဆောင်ရွက်လာသည့်အတွက် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းခဲ့ရသည်မှာ သြဂုတ် ၁ ရက်နေ့တွင် (၆)လပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အရေးပေါ်ကာလသတ်မှတ်ချိန်အတွင်း နိုင်ငံတော် တည်ငြိမ်တိုးတက် ဖွံ့ဖြိုးသာယာရေးလုပ်ငန်းများကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နံပါတ် ၅ ပါအတိုင်း “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ရည်မှန်းချက်အတိုင်းဆောင်ရွက်နေပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာကျော်ဖြတ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီ စနစ်တည်ဆောက်ရေးတွင် ဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။ ။