ပြန်လည်ထိန်းသိမ်းပြုပြင်ရန်လိုအပ်လျက်ရှိသော ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာမှအင်းဝခေတ်လက်ရာရှေးဟောင်းဘုရားစေတီများ

ပြန်လည်ထိန်းသိမ်းပြုပြင်ရန်လိုအပ်လျက်ရှိသော ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာမှအင်းဝခေတ်လက်ရာရှေးဟောင်းဘုရားစေတီများ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် ရေဆုံးကျေးရွာအုပ်စု ရေဆုံးကျေးရွာရှိအင်းဝခေတ်လက်ရာရှေးဟောင်းဘုရားစေတီများ ပြိုကျပျက်စီးမှုများကြောင့် အချို့ဘုရားစေတီများကို ရှေးဟောင်းသုတေသန(ပုဂံဌာနခွဲ)မှ ရှေးမူအတိုင်းပြန်လည်ပြုပြင်နေသည်များရှိသော်လည်း ယခုအထိဘုရားစေတီအဆူ ၅၀ ခန့် ပြုပြင်ရန်ကျန်ရှိနေသေးကြောင်း သိရသည်။

ရှေးဟောင်းသုတေသနဦးစီးဌာန ကြီးကြပ်မှုနဲ့ ရှေးမူမပျက်အောင် ပြန်လည်ပြုပြင်နေကြတာပါ။ ရှေးဟောင်းသုတေသန (ပုဂံဌာနခွဲ)ကပန်းရန်ပညာရှင်သုံးဦးနဲ့  ဒေသခံပန်းရန်ဆရာသုံးဦးပေါင်းပြီး အခုဒီဘုရားအမှတ်(၆၉)ကို ပြင်ဆင်နေတာပါဟု အဆိုပါ ရေဆုံးကျေးရွာ ရပ်မိရပ်ဖဖြစ်သူ  ဦးဝင်းဘိုကပြောသည်။ 

ရေဆုံးကျေးရွာတွင် ရှေးဟောင်းဘုရားပေါင်း၉၄ ဆူရှိကြောင်း ရေဆုံးကျေးရွာ နိဗ္ဗာန်ကျောင်းဆရာတော် ဘဒ္ဒန္တတိလောကမှ အကျိုးတော်ဆောင်၍  အများစုပေါင်းလှူဒါန်းငွေ၊ သီးခြားအလှူရှင်များ၏ မတည်ငွေများဖြင့် ဘုရားစေတီ ၂၄ ဆူပြင်ဆင်နိုင်ခဲ့ပြီး  နိုင်ငံတော်ပံ့ပိုးမှု(ရှေးဟောင်းသုတေသန)၏အစီအစဉ်ဖြင့် ပြင်ဆင်ခဲ့သည့် ဘုရားစေတီ ၂၁ ဆူရှိခဲ့ကြောင်း ယခုအချိန်ထိ ဘုရားစေတီစုစုပေါင်း ၄၅ ဆူပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

ဘုရားအမှတ် (၆၉) ကိုပြုပြင်နေစဉ်အတွင်းလွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က ပန်းရန်အဖွဲ့နှင့် ကျေးရွာတာဝန်ရှိသူများက ဘုရားအမှတ် (၇၀)၏ ပုလ္လင်ခုံအခြေအနီးမှဉာဏ်တော် ၂ လက်မခန့်ရှိ ကြေးဆင်းတုငယ်တစ်ဆူ၊   အဆိုပါဌာပနာတိုက်မှ ရွှေဟုယူဆရသည့်ဉာဏ်တော် ၁ လက်မခွဲခန့်ရှိ ထိုင်တော်မူ   ဆင်းတုတစ်ဆူ၊ ငွေနှင့်ပြုလုပ်ထားသည့်   ဉာဏ်တော် ၃ လက်မခွဲခန့်ရှိ   ထိုင်တော်မူရုပ်ပွားတော် ခြောက်ဆူနှင့် ကြေးဖြင့်ပြုလုပ်ထားသည့်  ပဉ္စဝဂ္ဂီငါးပါး၊ ရဟန္တာရုပ်ပွားတော် ခုနစ်ဆူ စုစုပေါင်း  ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူနှင့် ရဟန္တာရုပ်တု ၁၂ ဆူတွေ့ရှိကြကြောင်း သိရသည်။ 

အဆိုပါဌာပနာများကို ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများလာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ကျေးရွာဆရာတော်နှင့်ရပ်မိရပ်ဖများက    အဆိုပါဘုရားပြန်လည်ပြုပြင်ပြီးမှသာ ပြန်လည်ဌာပနာသွားရန် ဆန္ဒရှိသဖြင့် သိမ်းဆည်းထားကြကြောင်း သိရသည်။

ယင်းရှေးဟောင်းဘုရားများကို ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ် ဇေတဝန်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တပညာသာရ ဦးစီးလှူဒါန်းမှုဖြင့် ဘုရားအမှတ်(၆၆)၊ (၆၉)တို့ကို ပြင်ဆင်နေခြင်းဖြစ်ပြီး ဘုရားအမှတ်(၇၀)၊ (၉၀)၊ (၉၁)၊ (၁)နှင့်(၂၈)တို့ကို ရေဆုံးကျေးရွာ နိဗ္ဗာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိလောက ဦးစီးဦးဆောင်မှုဖြင့်ပြင်ဆင်ခဲ့ပြီး   အများကောင်းမှုဖြင့် စေတီပေါင်း ၂၄ ဆူ  ပြင်ဆင်ပြီးဖြစ်ကြောင်း   သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)