လားရှိုး၊ စီးပွားရေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များမှ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ထွက်ရှိသော ဖရဲသီးများကို ပြည်ပဈေးကွက်မရှိဘဲ ဒေသအတွင်း၌သာ ရောင်းချနေရသဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါး ကြောင်း မူဆယ်မြို့နယ် ဖရဲစိုက်ပျိုးရောင်းချသူ ဦးအိုက်ခမ်းထံမှ သိရသည်။
ယခုနှစ် ဖရဲသီးပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျား ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀၀၊ နှစ်လုံးလျှင် ငွေကျပ် ၂၅၀၀ ထိရောင်းချခဲ့ရသော်လည်း ဖရဲသီးလှိုင်လှိုင်ထွက်သည့်အချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသော ဖရဲကုန်သည်များ တရုတ်နိုင်ငံမှ ဝယ်လိုအား လျော့နည်းသွားသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အတွင်းရှိ ၎င်းဖရဲကုန်သည်များကလည်း ဖရဲသီးများဝင်ရောက်ရောင်းချမှုကြောင့် ဒေသအတွင်းမှ ထွက်ရှိ သော ဖရဲသီးများ ဈေးနှုန်းလျော့ကျသွားကြောင်း၊ လက်ရှိ ဖရဲသီးဈေးကွက်တွင် ဈေးနှုန်းကျဆင်းသော်လည်း ဝယ်ယူစားသုံးသူ များပြားလျက်ရှိသည်။
ယခုနှစ် ဖရဲသီးများ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရမှုလျော့နည်းသွားသဖြင့် အခြားဒေသမှ ထွက်ရှိသော ဖရဲသီးများ၊ ဒေသအတွင်းမှ ထွက်ရှိသော ဖရဲသီးများဈေးနှုန်းလျော့ကျသွားရာ ဖရဲသီးသုံးလုံးလျှင် ငွေကျပ် ၁၀၀၀ နှင့်သာ ရောင်းချရကြောင်းနှင့် စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်ရရှိမှုနည်းပါးသော်လည်း စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် အထောက်အကူရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ဆတ်ချိုတောင်(မြေလတ်သား)