မနီလာ၊ ကျန်းမာရေး
ဖိလစ်ပိုင်နိုင်ငံ၌ ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးရေး လုပ်ငန်းများဆောင်ရွက်ပြီးနောက် ထိုနိုင်ငံသည် ပိုလီယိုကင်းစင် သောနိုင်ငံအဖြစ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ကာကွယ်ဆေးများအပေါ် ယုံကြည်စိတ်ချမှုမရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ယခုကဲ့သို့ပိုလီယိုရောဂါ ကင်းစင်သွားခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းအတွက်လည်း မျှော်လင့်ချက်များကို မြင့်တက်လာစေသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း ပိုလီယိုရောဂါ ကင်းစင်ပြီးနောက် ဆယ်စုနှစ်ခုနီးပါးအကြာ ၂၀၁၉ ခုနှစ်တွင် ထိုရောဂါပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
ထိုသို့ ပိုလီယိုရောဂါပြန်ဖြစ်မှုကြောင့် နိုင်ငံအတွင်းရှိ ကလေးငယ်သန်းပေါင်းများစွာကို ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးရေး လုပ်ဆောင်ခဲ့ရသည်။ ပိုလီယိုရောဂါပြန်ဖြစ်စဉ် ကူးစက်ခံရသူ ၁၇ဦးရှိသော်လည်းလွန်ခဲ့သည့် ၁၆ လအတွင်း ကလေးငယ်တစ်ဦး သို့မဟုတ် ပတ်ဝန်းကျင်တစ်ခုတွင် ထိုရောဂါပိုးရှိသည်ကိုမတွေ့ရတော့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခုအခါ ကလေးငယ် ၈၀ ရာခိုင်နှုန်းကျော်တွင် ပိုလီယိုရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့် ကိုယ်ခံအားရှိနေပြီဖြစ်ကြောင်း၊ ထိုပမာဏသည် ပိုလီယိုရောဂါ နောက်တစ်ကြိမ်ပြန်ဖြစ်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်းနှင့် ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ်သို့ ပြန်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံအတွက် ဝမ်းသာဂုဏ်ယူကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနမှ ကိုယ်စားလှယ်က ပြောသည်ဟု သိရသည်။
Ref: TST