ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မတ် ၂၁
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်(၁/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီး များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး (၁/၂၀၂၃)သည် “၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း” “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့” ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ပါကြောင်း။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် အတည်ပြုပြီးသည့်အခါ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်ပေးပို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်တို့ကိုချမှတ် ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်သည် မိမိတို့ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် ၁၂ ရပ်တို့ကိုဖော်ဆောင်နိုင်ရေး အတွက်အထောက်အကူဖြစ်စေမည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အရအသုံးလျာထား ချက်များဖြစ်ပါကြောင်း။
အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် ၄ ရပ်ဖြစ်သည့် “စိုက်ပျိုး ရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” “ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ် အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း ( MSME ) များကို ရေရှည် အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး” တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအသုံးစရိတ် များသတ်မှတ်သုံးစွဲ ကြရမည်ဖြစ်ပါကြောင်း။
ဌာန၊ အဖွဲ့အစည်းများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းများ လျာထားရာတွင် အမှန်အကောင်အထည်ဖော်နိုင်မှု နီးစပ် အောင် လျာထားခြင်း၊ ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရငွေလျာ ထားချက်အပေါ် ပြည့်မီကျော်လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသုံးစရိတ် များ လျာထားရာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့် ပြည်သူ့လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် အသုံးစရိတ်များကို ဦးစားပေးလျာထားသုံးစွဲခြင်း၊ အခြားအသုံးစရိတ် များကိုစနစ် တကျ စိစိစစ်စစ်သုံးစွဲခြင်းစသည့် အချက်များကို လိုက်နာဆောင်ရွက်ကြစေလိုပါ ကြောင်း။
ကြွေးမြီဆိုင်ရာ အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ကရယူထားသည့် ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် မိမိတို့အနေဖြင့် တာဝန်သိနိုင်ငံအဖြစ် ခံယူရပ်တည်ပြီး အချိန်စေ့ရောက်သည့် အရင်းအတိုးများကို သူ့အချိန်နှင့်သူ ပေးဆပ် နိုင်ရန် ဦးစားပေးထည့်သွင်းလျာထားခွင့် ပြုထားပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကျဆင်းမှုအခြေအနေ၊ နိုင်ငံသုံးငွေတန်ဖိုး ကျဆင်းမှု အခြေအနေ၊ လောင်စာဆီနှင့် အထွေထွေကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှု အခြေအနေစသည့် အခြေအနေအရပ်ရပ်ကြောင့် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့် ပြည်သူ့ဘဏ္ဍာငွေများကိုစီမံခန့်ခွဲသုံးစွဲရာတွင် အထူးဂရုပြုပြီးစီမံခန့်ခွဲ သုံးစွဲရန် လိုအပ်လာပါကြောင်း။
ထို့ပြင် နိုင်ငံတော်တွင် အဓိကလိုအပ်နေသည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အသုံးစရိတ်များ၊ အားကစား၊ သာသနာရေးနှင့် ယဉ်ကျေးမှုစသည့် အသုံးစရိတ် များကိုလည်း လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ Budget Allocation ဟုခေါ်သည့် အသုံးစရိတ်များ ခွဲဝေချထားရာတွင် ပြည်ထောင်စု၏ရငွေ အခြေအနေ အပေါ်မူတည်၍ ခွဲဝေရခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့ လျာထားသည့်ရငွေများကို ပြည့်ပြည့်ဝဝရရှိမှသာ မိမိတို့လျာထားသည့် အသုံးစရိတ် များကိုလည်း ပြည့်ပြည့်ဝဝသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ပွင့်လင်း မြင်သာစွာဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အသုံးစရိတ်များသုံးစွဲရာ တွင် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရေး၊ တင်ဒါစည်းမျဉ်း စည်းကမ်းများ လိုက်နာရေး၊ စာရင်းစစ်ဆေးမှုခံယူရေး စသည်တို့ကိုလည်း အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူ စိစစ်ထားသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် မိမိအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာသုံးစွဲနိုင်မည့် အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များနှင့် အခြားမဖြစ်မနေသုံးစွဲရမည့် အသုံး စရိတ်များကို ထပ်ဆင့်စိစစ်ခဲ့ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုမှ ထောက်ပံ့သည့် ငွေများကို နှစ်လတ်ဘဏ္ဍာရေးမူဘောင် တည်ဆောက်၍ လူမှုစီးပွားရေးအခြေပြု ညွှန်းကိန်း(၆)ခုကို အသုံးပြုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အချိုးကျမျှတမှု ရှိစေရန် နှစ်စဉ်ခွဲဝေလျာထားပေးလျက် ရှိပါကြောင်းပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာစစ်ဆေးတွေ့ရှိချက်များ၊ စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်တွေ့ရှိချက်များနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုပြင်လိုက်နာ ဆောင်ရွက်သွားရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် ၂၀၂၃-၂၀၂၄ “ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း” တို့ကိုစိစစ် အတည်ပြုပြီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင်၏ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း။
မိမိတို့လျာထားတဲ့အတိုင်း ရငွေများရရှိစေရန်၊ မိမိတို့လျာထားသည့် အတိုင်း သုံးငွေများကို အချိန်မီသုံးစွဲနိုင်စေရန် ဌာန၊ အဖွဲ့အစည်း အကြီးအမှူးများကိုယ်တိုင် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်အတွက် ရငွေများဖြစ် သည့် အခွန်အကောက်မှရရှိငွေများကို တည်ဆဲအခွန်အကောက်ဆိုင်ရာ ဥပဒေများနှင့် အညီ အပြည့်အဝ ကောက်ခံရရှိနိုင်အောင် သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ အခွန်အကောက်မဟုတ်သော ရငွေများဖြစ်သည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဝင်ငွေများတိုးတက်လာ စေရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးကြိုးပမ်း ဆောင်ရွက်စေလိုပါ ကြောင်း၊ မိမိတို့ဌာနအဖွဲ့အစည်းများ၏ ပကတိအခြေအနေကို စနစ်တကျစိစစ် သုံးသပ်ပြီး လျာထားချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် စီမံကိန်းနှင့်ဘတ်ဂျက် ဆက်စပ်ဆောင်ရွက်ရန်နှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ရငွေ၊ သုံးငွေနှင့် စပ်လျဉ်း၍လည်း စာရင်းစစ်ဆေးမှုကို စနစ်တကျ ခံယူနိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အရေးကြီးသကဲ့သို့ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော် အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အဘက်ဘက်က အားပေးမြှင့်တင်လျက်ရှိပြီး ဘတ်ဂျက်ခွဲဝေချထားပေးသည့် အသုံးစရိတ်များမှာ ထည့်သွင်းလျာထားပေးထားသကဲ့သို့ တစ်ဖက်ကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေ၊ ကိုဗစ် - ၁၉ အထူးချေးငွေရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစသည့် ရန်ပုံငွေများကို ထူထောင် ပေးထားပြီး ရင်းနှီးမြှုပ်နှံငွေလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ကူ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊ သွင်းကုန် တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာရေး၊ တစ်ဦးချင်းဝင်ငွေများ မြင့်တက်လာရေးတို့အတွက် ဌာန၊ အဖွဲ့အစည်းအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုနည်းပါးပြီး ပြည်တွင်းသုံးစွဲမှု မလုံလောက် သည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှုကိုသာ အားထားဆောင်ရွက်ခဲ့ရသဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ရပ်တန့်ထားသည့် နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ်ချက်များဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို အရည်အသွေးကောင်းကောင်းနှင့် လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည်လည်း အရေးကြီးသည့်အတွက် လျှပ်စစ်ဓာတ် အား ထုတ်လုပ်ရေးနှင့် သက်ဆိုင်သောအသုံးစရိတ်များကိုလည်း တိုးမြှင့်ပေးထားပါ ကြောင်း၊ တစ်ဘက်ကလည်း ကာလတိုအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိ နိုင်ရေး ပြည်နယ်နှင့်တိုင်းအလိုက် လေ့လာဆောင်ရွက်စေလိုပါကြောင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးကို တိုးတက်ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်ရသကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအပိုင်းတွင် လေလွင့်ဆုံးရှုံးမှုများမဖြစ်ရေး၊ ဓာတ်အား ဝယ်ယူမှု၊ ဖြန့်ဖြူးရောင်းချမှုများကို ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်စေလိုပါ ကြောင်း။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ အားလုံးအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။